ဖေဖော်ဝါရီ ၂၈ ပဲခူး
တောင်ငူမြို့၊ အဆင့်မြှင့် ဈေးသစ်ကြီးအား အမြန်ဆုံး တည်ဆောက်နိုင်ရေး ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် ဆောက်လုပ်ခွင့်ရ First Altitudez Co., Ltd တို့ MoU လက်မှတ်ရေးထိုးပွဲကို ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သယံဇာတ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဌာန၊ ဝန်ကြီး ဒေါက်တာစောညိုဝင်းက ဈေးအသစ် ပြန်လည်တည်ဆောက်ရန် ပြည်သူများမှ လိုလားလျက်ရှိပြီး မိမိတို့အစိုးရမှလည်း အမြန်ဆုံးဆောက်လုပ်နိုင်ရန် ကုမ္ပဏီနှင့် MoU (နားလည်မှုစာချွန်လွှာ) လက်မှတ် ရေးထိုးရခြင်းဖြစ်ကြောင်း၊ တောင်ငူ ဈေးသစ်ကြီး တည်ဆောက်ခြင်းသည် ပြည်သူအကျိုးပြု လုပ်ငန်းဖြစ်၍ စေတနာထားပြီး ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် First Altitudez Co., Ltd ဒါရိုက်တာ ဦးအောင်မျိုးခိုင်က တောင်ငူဈေး သစ်ကြီးအား မိမိတို့ကုမ္ပဏီမှ တည်ဆောက်နိုင်ရေး MoU ရေးထိုးနိုင်ခဲ့ပြီးဖြစ်၍ ဈေးတည်ဆောက်ခြင်း လုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားမည်ဖြစ် ကြောင်းနှင့် အစိုးရအဖွဲ့သို့ တင်ပြထားသည့် လုပ်ငန်းစီမံချက်များအတိုင်း အဆင့်ဆင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
အဆိုပါ MoU လက်မှတ်ရေးထိုးပွဲသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံခြားသား ပညာရှင် Mr. Liew S. Shoon၊ တောင်ငူမြို့နယ် စည်ပင်သာယာရေး ကော်မတီဝင်များ၊ ဈေးသူဈေးသားများ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ဟိန်းထက်(ပဲခူး)


