နေပြည်တော် ၁၂ ဖေဖော်ဝါရီ 

 

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလနှင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလများအတွင်း ပေါက်ခေါင်းမြို့ အနီးဝန်းကျင်တွင် အင်အားအနည်းငယ်နှင့် အင်အားအသင့်အတင့်ရှိသည့် ငလျင်များ လှုပ်ခတ်ခဲ့ခြင်းကြောင့် ပေါက်ခေါင်းမြို့နယ်အတွင်းရှိ တောင်နဝင်းပင်မတမံ၏ ထိပ်မျက်နှာပြင်တွင် အလျားလိုက်နှင့် အပေါ်အောက် အက်ကွဲကြောင်းများ ဖြစ်ပေါ်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ် လျော့ပါးရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှုများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် အဆိုပါ ဝန်ကြီးဌာန၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ 

 

ညှိနှိုင်းအစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် နီးနီးကပ်ကပ်ပူးပေါင်း၍ တောင်နဝင်းပင်မတမံ၏ အခြေအနေ စဉ်ဆက်မပြတ် သတင်းရယူနိုင်ရေး၊ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားမှုများ၊ တမံအခြေအနေနှင့် ပတ်သက်ပြီး ပြည်သူလူထုသို့ အသိပေးဆောင်ရွက်ရန် နည်းလမ်းများ၊ အကူအညီတောင်းခံနိုင်မည့် ဖုန်းနံပါတ်များ၊ အရေးပေါ်ခိုလှုံရန် နေရာများနှင့် သွားရောက်ရန် လမ်းကြောင်းများ၊ ရေကြီးရေလျှံမှု ဖြစ်ပေါ်လာပါက အရေးပေါ် ရှာဖွေကယ်ဆယ်ရေး အစီအမံများနှင့် ခိုလှုံရန်နေရာများတွင် အခို အကာနှင့် စားနပ်ရိက္ခာများ ပံ့ပိုးပေးနိုင်ရေးတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများကို အဓိက တာဝန်ယူဆောင်ရွက်ရသည့် ဝန်ကြီးဌာနဖြစ်သည့် အားလျော်စွာ မြေပြင်တွင် လုပ်ငန်းများညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းအဖွဲ့ကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်တွင် ပေါက်ခေါင်းမြို့နယ်သို့ စေလွှတ်ခဲ့သည်။ အဆိုပါ ကွင်းဆင်းအဖွဲ့အနေဖြင့် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ၊ လွှတ်တော်ကိ်ုယ်စားလှယ်များ၊ အရပ်ဘက်လူမှုရေး အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ လတ်တလော ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ 

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် တောင်နဝင်း ရေလှောင်တမံနှင့် စပ်လျဉ်းသည့်သတင်းမှန်များကို အချိန်နှင့်တစ်ပြေးညီ ပြည်သူထံသို့ အရောက်ပေးပို့နိုင်ရန် ဆောင်ရွက်ခြင်း၊ ဘေးကင်းရာသို့ အချိန်မီရွှေ့ပြောင်းနိုင်ရန် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခြင်း၊ ထိခိုက်လွယ်အုပ်စုများဖြစ်သည့် ကလေးသူငယ်၊ မသန်စွမ်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများကို အရေးပေါ်ရွှေ့ပြောင်းနိုင်ရေးအတွက် လိုအပ်သည့် ဖိုက်ဘာစက်တပ်ယာဉ်များ အဆင်သင့်ထားပေးခြင်း၊ အခြားသော အသက်ကယ်ပစ္စည်းများဖြစ်သည့် ကြိုးခွေများ၊ သက်ကယ်အင်္ကျီများ အရန်သင့်ထားရှိစေခြင်း၊ အရေးပေါ်အခြေအနေတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ကြမည့် တာဝန်ရှိသူများအား တရုတ်နိုင်ငံအခြေစိုက် Blue Sky Emergency Rescue Team နှင့်ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေး သင်တန်းများ ပို့ချပေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။

 

ပေါက်ခေါင်းမြို့နယ်အတွင်းရှိ တောင်နဝင်းပင်မတမံမျက်နှာပြင် အက်ကွဲကြောင်း ဖြစ်ပေါ်ခြင်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ လိုအပ်သည့် နည်းပညာဆိုင်ရာ စစ်ဆေးမှုများ၊ ပြင်ဆင်မွမ်းမံမှုများနှင့် နေ့ညမပြတ် စောင့်ကြည့်လေ့လာမှုများကို ဆောင်ရွက်လျက်ရှိသည်။ ထိုနည်းတူစွာ အဆိုပါတမံနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ် လျော့ပါးစေရေးအတွက် ကြိုတင်ပြင်ဆင် ကာကွယ်ရေးလုပ်ငန်းများကိုလည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

 

(သတင်းစဉ်)