တိုက်ကြီး ဩဂုတ် ၁၀

 

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးစပါး စိုက်ပျိုးရာသီ၌ မိုးစပါး ၁၂၇၈၉၃ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ပြီး ဒေသခံတောင်သူများအနေဖြင့် ဆင်းသုခ၊ ရတနာတိုး၊ နှံကောက်၊ ဧရာမင်း၊ ဧရာသွယ်၊ အောင်နိုင်တိုး၊ ဗျော့ထွန်း အစရှိသည့် အထွက်ကောင်း စပါးမျိုးများနှင့် ဒေသကောက်ကြီးစပါးမျိုးများ စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ထို့ပြင် မြို့နယ်သမဝါယမအသင်းစုမှ ဆောင်ရွက်နေသည့် အကျိုးတူလယ်ယာမြေများတွင် GW-11၊ ဗျော့ထွန်း၊ ဗီယက်နမ် ၉၀၊ ဆာဖိုးသာ၊ ဆင်းသုခအစရှိသည့် အထွက်တိုးစပါးများကို တောင်သူများ လက်ဝယ်အရောက် ဖြန့်ဖြူးပေးလျက်ရှိကာ ဒေသဝမ်းစာဖူလုံရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် တစ်ဧကအထွက်နှုန်းတိုးရေးအတွက် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေး၊ စိုက်ပျိုးနည်းစနစ်များ စနစ်တကျရှိစေရေးအတွက် ခရိုင်/မြို့နယ်စိုက်ပျိုးမှု ကြီးကြပ်ရေးအဖွဲ့မှ တွန်းအားပေး ဆောင်ရွက်လျက်ရှိသည့်အပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ Seeder များကို ဖြန့်ဝေပေးခြင်းဖြင့် စနစ်တကျ အတန်း လိုက်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ ထို့အတူ Seeder စနစ်ဖြင့် စိုက်ပျိုးသည့်တောင်သူများနှင့် စံပြကွက်စိုက်ပျိုးသည့် တောင်သူများအား ဓာတ်မြေဩဇာများကို သက်သာသောနှုန်းထားဖြင့် ဖြန့်ဖြူးပေးလျက်ရှိသည်။

 

ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် စိုက်ပျိုးနည်းစနစ်အနေဖြင့် ပျိုးထောင်စိုက်ပျိုးခြင်း၊ တိုက်ရိုက်မျိုးစေ့ချ ကိရိယာ Seeder ဖြင့် စိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း စသည်ဖြင့် ဆောင်ရွက် လျက်ရှိကာ ယနေ့အထိမိုးစပါး ၁၀၉၃၃၆ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ပြီး မိုးစပါးပန်းတိုင်ရရှိရေး၊ အထွက်နှုန်းမြင့်မားရေးအတွက် မျိုးကောင်း မျိုးသန့်များ ပိုမိုအသုံးပြုစေရေး၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေးနှင့် စိုက်ပျိုးစနစ်များ တိုးချဲ့ပညာပေးရေး လုပ်ငန်းစဉ်များအပြင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဖြင့် ဆောင်ရွက်လျက်ရှိသော အကျိုးတူလယ်ယာစီမံကိန်းများတွင်လည်း ၂၂၇၄၀ ဧက ပါဝင်ဆောင်ရွက် လျက်ရှိသည်။

 

တိုက်ကြီးမြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်ပံ့ပိုးကူညီမှုများဖြင့် ၂၀၂၅ ခုနှစ် မိုးစပါးလျာထားဧကများ ပြည့်မီအောင် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဝတ်ရည်(ပြန်/ဆက်)