ပုသိမ်   စက်တင်ဘာ   ၂၅

၂၀၂၅   ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အေရိုးဗစ်၊ ဘိလိယက်နှင့် စနူကာပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့်  ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁)၌ ကျင်းပသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းအား တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး အေရိုးဗစ်အသင်းနှင့် ဘိလိယက်နှင့် စနူကာအသင်းများမှ အုပ်ချုပ်၊ နည်းပြ၊ အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး အေရိုးဗစ်အသင်းအုပ်ချုပ်သူနှင့် ဘိလိယက်နှင့် စနူကာအသင်း  အုပ်ချုပ်သူတို့က  ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးကိုယ်စားပြု  အေရိုးဗစ်အသင်းအနေဖြင့် စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိပြီး  တိုးတက်လာသည်ကို   တွေ့ရှိရသောကြောင့် အောင်မြင်မှုများရရှိမည်    ယုံကြည်ပါကြောင်းနှင့် မျှော်မှန်းထားသည့်    ဆုတံဆိပ်များရရှိအောင် ကြိုးစားကြရန်လိုကြောင်း၊ တိုင်းဒေသကြီးအတွက် အောင်မြင်မှုများရရှိစေရေးနှင့် ဆုတံဆိပ်များ ရရှိရေးအတွက်     အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်း   တိုက်တွန်းပြောကြားပြီး  ၂၀၂၅  ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အေရိုးဗစ်၊ ဘိလိယက်နှင့် စနူကာပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအသင်းအားအောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)