နေပြည်တော် အောက်တိုဘာ ၁၂
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနက ကြီးမှူး၍ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ယနေ့ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး ဇုန် နှစ် ဇုန်ရှိ သက်ဆိုင်ရာ အားကစားကွင်းများ၌ ဆက်လက်ကျင်းပရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ပြိုင်ပွဲကျင်းပရေး ဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင် ပရိသတ်များ တစ်ခဲနက်လာရောက် ကြည့်ရှုအားပေးကြသည်။
ယနေ့ ပြိုင်ပွဲပွဲစဉ်များအဖြစ် တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ မကွေးတိုင်းဒေသကြီး အသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ နှစ်ဖက်ဂိုး(မရှိ) သရေရလဒ်ဖြင့် လည်းကောင်း၊ ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်း၌ ကချင်ပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မွန်ပြည်နယ်အသင်းက ကချင်ပြည်နယ်အသင်းကို လေးဂိုး-ဂိုး (မရှိ)ဖြင့်လည်းကောင်း အနိုင်ရရှိသည်။
အဆိုပါပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို ကရင်ပြည်နယ်၊ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဇုန်လေးဇုန်ခွဲ၍ အောက်တိုဘာ ၁၈ ရက်အထိ ကျင်းပခြင်းဖြစ်ပြီး ရှုံးထွက်ပွဲစဉ်များ၊ တတိယလုပွဲ ပွဲစဉ်နှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို အောက်တိုဘာ ၂၁ ရက်၊ ၂၃ ရက်နှင့် ၂၅ ရက်တို့တွင် ရန်ကုန်မြို့ရှိ အားကစားကွင်းများ၌ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ ၁၃ ရက်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် မွန်းလွဲ ၃ နာရီမှစတင်ကာ ဘားအံမြို့ ဇွဲကပင်အားကစားကွင်း၌ ကရင်ပြည်နယ်အသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်း၊ ပဲခူးမြို့ အားကစားဥယျာဉ်ကွင်း၌ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ကယားပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည့်အတွက် အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
သတင်းစဉ်


