မန္တလေး နိုဝင်ဘာ  ၁၄

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ကောလိပ်၊ ကျောင်းများမှ ပါမောက္ခချုပ် များ၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။  

တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို က တက္ကသိုလ်များ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်များ၊ ဆရာဆရာမများအနေဖြင့် ကျောင်းများ၊ တက္ကသိုလ်များ ဥပဓိရုပ် ကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပရေးနှင့် ကျောင်းသားကျောင်းသူများ စိတ်ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး အလေးထား စီမံဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ၊ တက္ကသိုလ်များအလိုက် အနုပညာ၊ အားကစား၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ လူမှုရေး၊ ကျန်းမာရေး အစရှိသည့် အသင်းများအား ဖွဲ့ပေးကာ တက္ကသိုလ်ကျောင်းများအတွင်း ကျောင်းသား ကျောင်းသူအချင်း ချင်းစည်းလုံးညီညွတ်ပြီး ပူးပေါင်းဆောင်ရွက်တတ်အောင် ပြုစုပျိုးထောင်ပေးရန်လိုကြောင်း၊ အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုတို့၌ အကောင်းဆုံးစိတ်ထား၊ အကောင်းဆုံးအရည်အချင်းတို့ဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တက္ကသိုလ်၊ ကောလိပ်၊ ကျောင်းများမှ ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)၊ ကျောင်းအုပ်များမှ လက်ရှိဆောင်ရွက်နေမှုများ၊ လိုအပ်ချက်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဖြည့်စွက်ရှင်းလင်းချက်ကြပြီး  တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။ 

သတင်းစဉ်