နေပြည်တော် ၁၆ ဖေဖော်ဝါရီ
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ နေပြည်တော်သို့ ရောက်ရှိနေသော တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း/ အဖွဲ့ ကိုယ်စားလှယ်များ၏ ပထမအကြိမ် လေ့လာရေးခရီးစဉ် တတိယနေ့အဖြစ် ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါလျက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)သို့ သွားရောက်ကြည့်ရှု လေ့လာကြသည်။
ထိုသို့ရောက်ရှိစဉ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အင်ဂျင်နီယာမှူး ဦးနေမျိုးဝင်းက ခေတ်အဆက်ဆက် အသုံးပြုခဲ့သော ရေဒီယိုများ၊ ဗီဒီယိုကင်မရာများနှင့် ဓာတ်ပြားစက်များ ခင်းကျင်းပြသထားမှုကို ရှင်းပြပြီး သတင်းရိုက်ကူး တည်းဖြတ် ထုတ်လွှင့်ပုံအဆင့်ဆင့်၊ မှတ်တမ်းများ သိမ်းဆည်းထားသိုပုံ အဆင့်ဆင့်နှင့် တိုင်းရင်းသားရုပ်သံလှိုင်း(NRC) ထုတ်လွှင့်နေမှုများ၊ ရေဒီယိုထုတ်လွှင့်ရေး အစီအစဉ်များကို လိုက်လံရှင်းလင်းပြသရာ လေ့လာရေးအဖွဲ့ဝင်များက သိရှိလိုသည်များ မေးမြန်းကြသည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် လေ့လာရေးအဖွဲ့များသည် နေပြည်တော် အမျိုးသားအထိမ်းအမှတ်ဥယျာဉ်သို့ ရောက်ရှိကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အထင်ကရနေရာနှင့် အဆောက်အအုံ ပုံစံတူများကို လှည့်ပတ်ကြည့်ရှုကြသည်။ ဆက်လက်၍ လေ့လာရေးအဖွဲ့များသည် နေပြည်တော် တိရစ္ဆာန်ဥယျာဉ် သွားရောက်လေ့လာကြကြောင်း သိရသည်။
မောင်လူမော်၊ ဓာတ်ပုံ-ထန်းဖုန်


