နေပြည်တော် ၁၄ ဖေဖော်ဝါရီ

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များသည် နေပြည်တော်အတွင်း ပထမနေ့လေ့လာရေးခရီးစဉ်အဖြစ် ယနေ့ညနေပိုင်းတွင် နေပြည်တော် ရေပန်းဥယျာဉ်သို့ သွားရောက်လေ့လာကြသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ အဖွဲ့ဝင် ၄၄ ဦး၊ ရခိုင်ပြည်နယ်မှ အဖွဲ့ဝင် ၄၇ ဦး စုစုပေါင်း ၉၁ ဦးတို့ပါဝင်ကြပြီး ထိုသို့လေ့လာရာတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများက  လိုက်လံရှင်းလင်းပြသကြသည်။

တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များ၏ လေ့လာရေးခရီးစဉ်ကို တိုင်းရင်းသားအချင်းချင်း ရင်းရင်းနှီးနှီးတွေ့ဆုံကာ ယဉ်ကျေးမှုဓလေ့ထုံးစံများကို တစ်ဦးနှင့်တစ်ဦး အမြင်ချင်းဖလှယ်၍ ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးပွားလာစေပြီး ပြည်ထောင်စုစိတ်ဓာတ်များ ခိုင်မာလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။

တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များ၏ လေ့လာရေးခရီးစဉ်သည် လေးရက်ကြာမြင့်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း နေပြည်တော်ရှိ  ဗုဒ္ဓဂါယာနှင့် ဥပ္ပါတသန္တိဘုရား၊ အမျိုးသား အထိမ်းအမှတ်ဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်၊ အမျိုးသားပြတိုက်၊ ကျောက်မျက်ရတနာပြတိုက်၊ ငလိုက်ဆည် ဆင်စခန်းနှင့် မြန်မာအသံနှင့် ရုပ်မြင်သံကြား(တပ်ကုန်း)သို့ သွားရောက်လေ့လာမည်ဖြစ်သည်။

(သတင်းစဉ်)