ပဲခူး ၂၂  ဖေဖော်ဝါရီ

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီး ဌာနနှင့် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ပဲခူးမြို့၊ ဥဿာမြို့သစ် ဆည်မြောင်းလမ်းနှင့် သစ်တောရိပ်သာ လမ်းထောင့်တွင် ကျင်းပသည်။

ရှေးဦးစွာ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ ပဲခူးတိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းမြင့်၊ ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပွယ်စေးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန အင်ဂျင်နီယာချုပ် ဦးသန်းနိုင်အောင်တို့က ညွှန်ကြားရေးမှူးရုံး နှစ်ထပ်အဆောက်အဦသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ရုံးဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကာ ရုံးအတွင်း လှည့်လည်ကြည့်ကြသည်။

 

mdn

 

ထို့နောက်  ပြည်ထောင်စုဝန်ကြီးနှင့် ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးတို့က အမှာစကားပြောကြားပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန အင်ဂျင်နီယာချုပ် ဦးသန်းနိုင်အောင်က ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး ဆောက်လုပ်မှု နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် ကယားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဖားစည်သံသီချင်း သီဆို၍ ကယားရိုးရာအကဖြင့်လည်းကောင်း၊ ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ မိုးသောက်ကြယ်ဒုံးအဖွဲ့က ရိုးရာနှစ်သစ်ကူးသီချင်းသီဆို၍ ကရင်ရိုးရာဒုံးယိမ်းအကဖြင့်လည်းကောင်း၊ အရှိုချင်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ချင်းရိုးရာယိမ်းအကဖြင့်လည်းကောင်း၊ မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ တပင်တိုင်ယိမ်းအကဖြင့်လည်းကောင်း၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ရှမ်းပျိုဖြူ မောင်မယ်များ၏ မီးပုံပွဲအကဖြင့်လည်းကောင်း၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ တို့တိုင်းရင်းသား အကဖြင့်လည်းကောင်း အသီးသီးဖျော်ဖြေတင်ဆက်ကြသည်။

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊  တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးသည် ပဲခူးတိုင်းဒေသကြီး အတွင်းတွင်ရှိသည့် တိုင်းရင်းသားများ၏ တိုင်းရင်းသားရေးရာကိစ္စများကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးမည့် နေရာတစ်ခုဖြစ်ပြီး တိုင်းရင်းသားများ၏ ရိုးရာအကပွဲတော်များ၊ ညှိနှိုင်းဆွေးနွေးပွဲများ၊ မွမ်းမံသင်တန်းများကိုလည်း ဖွင့်လှစ်ကျင်းပနိုင်မည့် နေရာဖြစ်ကြောင်း သိရသည်။

အဆိုပါရုံးသည် အလျားပေ (၈၀)၊ အနံပေ (၆၀) နှစ်ထပ် RC အဆောက်အဦဖြစ်ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု အစိုးရအဖွဲ့ ခွင့်ပြုရံပုံငွေ ကျပ်သန်း (၂၅၀) ဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ဟိန်းထက်(ပဲခူး)