နေပြည်တော် ၁၅ ဖေဖော်ဝါရီ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည် ရှမ်းပြည်နယ်(မြောက်ပိုင်း) နှင့် ရခိုင်ပြည်နယ်တို့မှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်း/ အဖွဲ့ ကိုယ်စားလှယ်များ တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာဖြစ်နေပြီး နည်းပညာများ တိုးတက်လာသည်နှင့်အမျှ ကမ္ဘာ့နိုင်ငံအသီးသီးမှ ဖြစ်ပျက်နေသည့် အကြောင်းအရာများကို နေ့စဉ်နှင့်အမျှ သိရှိနေရပြီဖြစ်ပါကြောင်း၊ ထိုသို့ ဖွံ့ဖြိုးတိုးတက်လာရန်အတွက် ပညာများတတ်မြောက်ရန် လိုအပ်သကဲ့သို့ ငြိမ်းချမ်းရေးရှိရန်လည်း အရေးကြီးပါကြောင်း၊ ငြိမ်းချမ်းမှ တရားဥပဒေစိုးမိုးမည်ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးမှ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးစသည့် ဒေသဖွံ့ဖြိုးရေး ကိစ္စများကို ဆောင်ရွက်နိုင်မည် ဖြစ်ပြီး စီးပွားရေးလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ လူငယ်များအနေဖြင့် တစ်ဦးကောင်း၊ တစ်ယောက်ကောင်း တစ်ကိုယ်ကောင်းဆန်သည့် စိတ်ဓာတ်များမရှိရန် လိုအပ်ပါ ကြောင်း၊ အများအကျိုးကို သည်ပိုးဆောင်ရွက်လိုသည့်စိတ် ၊ စုပေါင်းလုပ်ကိုင်လိုသည့်စိတ် စသည့် ဖြောင့်မတ်မှန်ကန်သည့် စိတ်ဓာတ်များကို မွေးမြူကြရန်လိုကြောင်း၊ ပညာဗဟုသုတရှိမှ မိမိဒေသ၊ မိမိပြည်နယ်၊ မိမိတိုင်းဒေသကြီး၊ မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်နိုင်အောင် ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း။
ထို့ပြင် တိုင်းဒေသကြီး၊ ပြည်နယ်များသို့ သွားရောက်စဉ် သစ်တောပြုန်းတီးမှုနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများကို တွေ့ရပါကြောင်း၊ မိမိဒေသရဲ့ သဘာဝ ပတ်ဝန်းကျင်ကို ဝိုင်းဝန်းထိန်းသိမ်းကြရန် လိုပါကြောင်း။ တိုင်းနှင့်ပြည်နယ် အသီးသီးတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ၏ ရုံးခွဲများ ဖွင့်လှစ်ထားပါကြောင်း၊ တိုင်းရင်းသား လူမျိုးများ၏ လိုအပ်ချက်များကို အဆိုပါရုံးခွဲများတွင် လာရောက်တင်ပြနိုင်ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်မှ ဆောင်ရွက်ပေးနိုင်မည့် ကိစ္စများကို တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်တွင် ဆောင်ရွက်ပေးမည်ဖြစ်ပြီး၊ မိမိတို့ ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးနိုင်ခြင်းမရှိသည့်ကိစ္စများသည် အမှန်တကယ် အရေးကြီးလိုအပ်ချက်ဖြစ်နေပါက ပြည်ထောင်စုအစိုးရသို့ တင်ပြဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင် က တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်း/အဖွဲ့ ကိုယ်စားလှယ်များ၏ နေပြည်တော်လေ့လာရေးခရီးစဉ်(ပထမအကြိမ်)နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ရှမ်းပြည်နယ်(မြောက်ပိုင်း) တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ကိုယ်စားလှယ်ဖြစ်သည့် ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ တွဲဖက်အတွင်းရေးမှူး စိုင်းလောဝ်လျန်းပန်နှင့် ရခိုင်ပြည်နယ် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ကိုယ်စား လှယ်ဖြစ်သည့် ခမီစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးလေကျော်အောင်တို့က ကျေးဇူးတင်စကား ပြောကြားကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ရှမ်းပြည်နယ် (မြောက်ပိုင်း) တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ကိုယ်စားလှယ်များ၊ ရခိုင်ပြည်နယ် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ကိုယ်စားလှယ်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက် ကြသည်။
ထို့နောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း/အဖွဲ့ကိုယ်စားလှယ်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။
ဆက်လက်၍ နေပြည်တော်လေ့လာရေးအဖွဲ့များသည် မွန်းလွဲပိုင်းတွင် ဗုဒ္ဓဂါယာ၊ ကျောက်တော်ကြီးဘုရားနှင့် ဥပ္ပါတသန္တိစေတီတော်တို့သို့ သွားရောက်ကြကြောင်း သိရသည်။
(သတင်းစဉ်)


