နေပြည်တော်   ၂၉   နိုဝင်ဘာ    

နေပြည်တော်နှင့် ရန်ကုန်သို့ လေ့လာရေးခရီး လာရောက်ကြသည့် စစ်ကိုင်းတိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များအား တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ ညနေ ၅  နာရီခွဲ ၌ နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမတွင် ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် တက်ရောက်ခဲ့သည်။

 

a

 

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့်အတူ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊  ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် က အမှာစကားပြောကြားရာတွင် တိုင်းရင်းသားကိုယ်စားလှယ်များက နေပြည်တော်နှင့် ရန်ကုန် လေ့လာရေးခရီးစဉ်အတွင်း ရရှိ သော ဒေသန္တရဗဟုသုတများကို နမူနာယူ၍ နေထိုင်ရာဒေသသို့ ပြန်လည်ရောက်ရှိသည့်အခါ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ကြရန်လိုပါကြောင်း၊ တိုင်းရင်းသားများ အခွင့်အရေးများ ရရှိရေးနှင့် စကား စာပေ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများ ထိန်းသိမ်းစောင့်ရှောက်ရေး ကိစ္စရပ်များကို တိုင်းဒေသကြီးရှိ ညွှန်ကြားရေးမှူးရုံးများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း၊  တိုင်းဒေသကြီး ပြည်နယ်များရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ အပါအဝင်  တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့်ဒေသအဖွဲ့များမှ တိုင်းရင်းသားခေါင်းဆောင်များ၊ မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းတို့သည် တိုင်းရင်းသားရေးရာကိစ္စရပ်များကို လက်တွဲဆောင်ရွက်နေသည့် မိတ်ဖက်အင်အားများဖြစ်ကြ သဖြင့် စုစည်း၍ ညီညီညွတ်ညွတ် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုပါကြောင်း၊ တိုင်းရင်းသားများ မျှော်လင့်တောင့်တနေသည့် တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ရေး ပန်းတိုင်ကို အချိန်တိုအတွင်း ရောက်ရှိမည်ဖြစ်ကြောင်း၊ ရည်မှန်းချက်ပန်းတိုင်သို့ ချီတက်ရာ၌ ကြုံတွေ့ရမည့် အခက်အခဲများ စိန်ခေါ်မှုများနှင့် ပြဿနာများကို သည်းခံစိတ် ခွင့်လွှတ်စိတ် သင်ပုန်းချေစိတ်များ မွေးမြူ၍ ငြိမ်းချမ်းရေး စကားဝိုင်းပေါ်တွင် တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာကြသည့် ယဉ်ကျေးမှုကို လိုက်နာကျင့်သုံးပြီး ဒေသတွင်းငြိမ်းချမ်းရေးမှသည် နိုင်ငံတော်၏ ငြိမ်းချမ်းရေးလမ်းစဉ် ရှေ့တိုးဆောင်ရွက်မှုအပေါ် အကျိုးပြုနိုင်မည်ဖြစ်ပါသဖြင့်  တိုင်းရင်းသားများက ပြည်ထောင်စုကြီး ထာဝရအစဉ်တည်မြဲအောင် ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ကြရန် ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးလှမော်ဦး က နှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင်  မြန်မာနိုင်ငံ၏ အရှေ့နှင့်အနောက်၊ တောင်နှင့်မြောက်တို့တွင် နေထိုင်ကြသော တိုင်းရင်းသား အချင်းချင်း ချစ်ကြည်ရင်းနှီးကြစေရန် ဆုံတွေ့ပေးခြင်းဖြစ်ကြောင်း၊ ရိုးရာယဉ်ကျေးမှုများ အပါအဝင် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ အချိတ်အဆက်မိမိ ဖော်ဆောင်နိုင်ရေးနှင့် နိုင်ငံတော်တွင် ဆောင်ရွက်နေသော မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများတွင် ပါဝင်နိုင်ရေး ပြောကြားသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး နှင့် ဇနီး ဒေါ်တိုးတိုးသူ တို့က စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့တို့အား ဂုဏ်ပြုပန်းစည်းနှင့် အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ လေ့လာရေးအဖွဲ့ ကိုယ်စားလှယ်များက ဂါရဝပြုလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့သည်။

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားလှယ် သျှမ်းနီတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားလှယ် ကရင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးမန်းစန်းဝင်း  တို့က ကျေးဇူးတင်စကား ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ ၂ ဖွဲ့မှ ကိုယ်စား လှယ် ၅၁ ဦးနှင့် ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ ၃ ဖွဲ့မှ ကိုယ်စားလှယ် ၅၀ ဦး စုစုပေါင်း ၁၀၁ ဦး ပါဝင်သော တိုင်းရင်းသားလေ့လာရေးအဖွဲ့သည် နေပြည်တော်ရှိ ဉပ္ပါတသန္တိစေတီ၊ လွှတ်တော်၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(တပ်ကုန်း)၊ ဆာဖာရီဥယျာဉ်၊ တိရိစ္ဆာန်ဥယျာဉ်၊ အမျိုးသားပြတိုက်၊ ကျောက်မျက်ပြတိုက်၊ ရေပန်းဉယျာဉ်၊ Junction ဈေးဝယ်စင်တာနှင့် ငလိုက်ဆည်ဆင်စခန်းသို့ နိုဝင်ဘာလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့ အထိ လေ့လာခဲ့ကြပြီး နိုဝင်ဘာလ ၃၀ ရက်နေ့မှ ဒီဇင်ဘာ ၁ ရက်နေ့အထိ ရန်ကုန်တိုင်း ဒေသကြီးရှိ  ပြည်သူ့ရင်ပြင်၊ ရွှေတိဂုံဘုရား၊ ကန်တော်ကြီးပန်းခြံနှင့် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာသို့ သွားရောက်လေ့လာမည်ဖြစ်ကြောင်း သိရှိရသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် လေ့လာရေး အဖွဲ့များနှင့်အတူ ချစ်ကြည်ရင်းနှီးစွာဖြင့် ညစာသုံးဆောင်ခဲ့ကြပြီး ညစာသုံးဆောင်စဉ် တိုင်းရင်းသားရိုးရာတေးသီချင်းများ၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)မှ ယဉ်ကျေးမှု အကအဖွဲ့များ၏ အကအလှများဖြင့်  ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

တိုင်းဒေသကြီး ပြည်နယ်များရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ၏ လေ့လာရေးခရီးစဉ်ကို တိုင်းရင်းသားအချင်းချင်း ရင်းရင်းနှီးနှီး တွေ့ဆုံကာ ယဉ်ကျေးမှု ဓလေ့ ထုံးစံများကို တစ်ဦးနှင့်တစ်ဦး အမြင်ချင်းဖလှယ်၍ ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးပွားလာစေပြီး ပြည်ထောင်စုစိတ်ဓါတ်များ ခိုင်မာလာစေရန် အပါအဝင် ဒေသတွင်းဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေး ရရှိရေးနှင့် တည်တံ့ခိုင်မြဲစေရေး၊ နိုင်ငံတော်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆောင်ရွက်နေမှု၌ စုပေါင်း အင်အားဖြင့် ဖြေရှင်းနိုင်ရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၄ မှ စတင်၍ နေပြည်တော်သို့ လာရောက်လေ့လာခဲ့ကြသော တိုင်းရင်းသားစာပေ နှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ ကိုယ်စားလှယ် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ၈ ဖွဲ့နှင့် ရခိုင်ပြည်နယ်မှ       ၇ ဖွဲ့တို့ကို ပထမအကြိမ်၊ ကချင်ပြည်နယ်မှ ၃ ဖွဲ့နှင့် တနင်သာရီတိုင်းဒေသကြီးမှ ၄ ဖွဲ့တို့ကို ဒုတိယအကြိမ်၊ ကယားပြည်နယ်မှ ၁၃ ဖွဲ့၊ ချင်းပြည်နယ်မှ ၁၃ ဖွဲ့တို့ကို တတိယအကြိမ်၊ ယခု စတုတ္ထအကြိမ်၌ နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးသို့ နိုဝင်ဘာလ ၂၇ ရက်နေ့မှ ဒီဇင်ဘာ လ ၁ ရက်နေ့အထိ လေ့လာရေးခရီး၌ စစ်ကိုင်းတိုင်းဒေသကြီးမှ ၂ ဖွဲ့နှင့် ဧရာဝတီတိုင်း ဒေသကြီးမှ ၃ ဖွဲ့ ဖြစ်ပြီး လေ့လာရေးခရီးစဉ် ၄ ကြိမ်တွင် တိုင်းရင်းသားစုစုပေါင်း ၃၈၄ ဦး တို့ကို တွေ့ဆုံမှုပြုလုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။

(သတင်းစဉ်)