တက္ကသိုလ်သျှင်ရတနာ
ရှမ်းတိုင်းရင်းသားစကားထာ
ရှေးလွန်လေပြီးသောအခါက ရာမညတိုင်းဒေသတွင်ရှိသော ကျေးရွာတစ်ရွာတွင် “ဗညားနှင့် လဂွန်းအိမ်” ဟု အမည်ခေါ်တွင်သော သူငယ်ချင်းနှစ်ဦးရှိသည်။
သူတို့သည် မွန်တိုင်းရင်းသား ဆယ်ကျော်သက်လူငယ်များဖြစ်ကြပြီး ရွာဦးကျောင်းဆရာတော်ကြီးထံတွင် လောကီ၊ လောကုတ္တရာ ပညာများကို ကျောင်းအိပ်ကျောင်းစားအဖြစ်ဖြင့် သင်ယူလျက်ရှိသည်။
ရွာဦးကျောင်းဆရာတော်ကြီးသည် စာပေကျမ်းဂန်များစွာကို နှံ့စပ်သူဖြစ်ပြီး စာပေသင်ကြားပို့ချရာတွင် ကောင်းသတင်းဖြင့် ကျော်ကြားသည်။
ဗညားနှင့် လဂွန်းအိမ်တို့သည် အားလပ်ချိန်များတွင် ဘုန်းကြီးကျောင်း၏တောင်ဘက် မန်ကျည်းပင်ကြီး၏အောက်တွင် ဆော့ကစားလေ့ရှိသည်။
“ဗညားရေ ဉာဏ်စမ်းမေးခွန်းစမယ်နော်”
“စိန်လိုက်လေ လဂွန်းအိမ်ရေ အဆင်သင့်ပါပဲ”
လဂွန်းအိမ်၏ စကားကို ဗညားက ပြန်ပြောလိုက်ပြီး မန်ကျည်းပင်ကြီးအောက်ရှိ မြက်ခင်းစိမ်းစိမ်းများပေါ်သို့ လဲလျောင်းလိုက်သည်။
“မေးခွန်းရဲ့ ဥပဒေသကိုပြောရဦးမယ်။ ဒီနေ့တော့ ရှမ်းတိုင်းရင်းသားရိုးရာစကားထာတွေထဲက အမေးအဖြေလုပ်ကြမယ် သူငယ်ချင်းရေ”
“ရပါတယ် လဂွန်းအိမ်ရယ်၊ မေးချင်တာသာမေးပါ။ ငါကလည်း စာကျေတဲ့ မင်းရဲ့သူငယ်ချင်းဆိုတာ မမေ့ပါနဲ့ ဟင်းဟင်းဟင်း”
“ကြိုက်တယ်ကွာ၊ အဲဒီလို အတိုင်အဖောက်ညီနေရမှာပေါ့။ ကဲ စမေးပြီနော်၊ ‘တစ်နှစ်တစ်ခါ ပေါ်လို့လာ ဝါဝါခေါင်းတုံး၊ လူမမုန်းဆိုတာ ဘာလဲ’ ဖြေပေတော့ ဗညားရေ”
လဂွန်းအိမ်၏ ဉာဏ်စမ်းမေးခွန်းကို ဗညားက စိတ်ထဲက ရေရွတ် ကြည့်ရင်းဆက်ပြောသည်။
“ဘာသာရေးတွေမပါစေနဲ့နော်၊ လွတ်လွတ်ကင်းကင်းနဲ့ ပျော်စရာ ရွှင်စရာအနေအထားပဲမေးပါ လဂွန်းအိမ်ရာနော်”
“ဗညားရာ ငါကလည်း ပျော်စရာရွှင်စရာ မေးခွန်းမျိုးတွေပဲ မေးတာပါ။ ပျော်ရွှင်ရပေမယ့် ဗဟုသုတ ရစေနိုင်တာလေးတွေကို ရွေးချယ်ထားတာပါ။ ဘာသာရေးလည်း မပါပါဘူးကွာ။ စဉ်းစားဖြေပေါ့ ဟုတ်ပြီလား”
လဂွန်းအိမ်၏စကားအဆုံးမှာ ဗညားတစ်ယောက် ပြုံးရွှင်ရယ်မော စွာဖြင့်ပြောလာသည်။ “အပြုသဘောပြောတာပါကွာ။ သူငယ်ချင်းမေးတဲ့ မေးခွန်းရဲ့ အဖြေကိုရပါပြီ။ ဖြေလိုက်တော့မယ်နော်။”
“မေးခွန်းက ‘တစ်နှစ်တစ်ခါပေါ်လို့လာ၊ ဝါဝါခေါင်းတုံး လူမမုန်း ဆိုတာဘာလဲ’ လို့မေးထားတာဆိုတော့ အဖြေက “လိမ္မော်သီး” ပေါ့ကွာ။ ဟုတ်တယ်ဟုတ်”
“ဟုတ်ပါတယ်။ မှန်ပါတယ်။ အဲဒီအဖြေရဲ့ အဓိပ္ပာယ်ဖွင့်ဆိုရှင်းလင်း ချက်လေးပါ ထည့်ပြောပေးရင် ပိုပြည့်စုံတာပေါ့ကွာ”
“အိုး- ရပါတယ်။ ရပါတယ်ဗျာ၊ အဓိပ္ပာယ်က လိမ္မော်သီးဟာ အဝါရောင်ရှိတယ်။ ပြောင်ချောနေတယ်။ ပြီးတော့ တစ်နှစ်မှ တစ်ခါသာသီးပြီး ပေါ်လာတာဖြစ်ပါတယ်ခင်ဗျာ”
ဗညားက အဖြေ၏ အနက်အဓိပ္ပာယ်ကို ရှင်းလင်းပြောကြားရာ လဂွန်းအိမ်က လက်မထောင်ပြလိုက်သည်။
“ဒီတစ်ခါ ကိုယ်မေးရမယ့်အလှည့်ဆိုပါတော့ လဂွန်းအိမ်ရာ။ မင်းဖြေဖို့သာစဉ်းစားထားပေတော့။ မေးခွန်းက ‘အပင်က ကျွဲလည်ပင်း လောက်ရှိပေမယ့် အရွက်က သဲထုပ်မရ’တဲ့ အဲဒါဘာကိုဆိုလိုတာလဲ ဖြေပေါ့ကွာ”
လဂွန်းအိမ်တစ်ယောက် ဗညား၏ ဉာဏ်စမ်းမေးခွန်းကို စဉ်းစားရကျပ်သွားဟန်ဖြင့် လဲလျောင်းနေရာမှ ထထိုင်လိုက်သည်။ ထိုင်ရာမှ လမ်းထလျှောက်ရင်း စဉ်းစားနေသည်။
“စဉ်းစားရခက်နေရင် ပန်းပေးလိုက်ပါ သူငယ်ချင်း၊ အဖြေက ရှိပြီးသား၊ ရိုးဆင်းလှပါတယ်”
ဗညားက လဂွန်းအိမ်ကို ခပ်ထေ့ထေ့လေသံဖြင့် ပြောလိုက်ရာ လဂွန်းအိမ်တစ်ယောက် ရှူးရှူးရှားရှား ဖြစ်သွားရတော့သည်။
“အဖြေက ရှိပြီးသားပါ ဗညားရာ။ ပိုသေချာအောင်လို့ စဉ်းစားလိုက်တာပါ။ မခက်ခဲပါဘူး။ ဒီမေးခွန်းရဲ့အဖြေကို မပြောခင်မှာ ဒီဉာဏ်စမ်းစကားထာဟာ ရှမ်းတိုင်းရင်းသားရိုးရာ စကားထာဉာဏ်စမ်းဖြစ်ပြီး ပင်စည်ဟာ ရှည်လျားပြီးတော့ အရွက်ကသေးငယ်ကာ အဖျားရှူးနေတာကို ဆိုလိုတာပါပဲ”
“လဂွန်းအိမ်ရေ သူငယ်ချင်းပြောတာတွေက မလွဲပါဘူး၊ ဒါပေမဲ့ အဓိကအဖြေ မရသေးဘူးနော်”
“အေးပါကွာ ဖြေမှာပါ။ အဖြေက “ထင်းရှူးပင်” ပေါ့။ ပင်စည်က ရှည်လျားပြီး အရွက်ကသေးငယ်ကာ အဖျားရှူးနေတာကို ခေါ်ဆိုတာ ဖြစ်ပါတယ်”
“အိုကေ သူငယ်ချင်း၊ အဖြေက မှန်ပါတယ်။ ကိုယ်မေးရမယ့် အလှည့်ပြန်ရောက်လာလို့ မေးလိုက်တော့မယ်။ ‘ကြက်ဖနီ လည်ပင်း စွပ်ဆိုတာဘာလဲ’ ဖြေပါဦးသူငယ်ချင်းရာ”
ဗညား၏မေးခွန်းကို လဂွန်းအိမ်က “ငှက်ပျောဖူးနီ” ဖြစ်ကြောင်း နှင့် ငှက်ပျောပင်မှာ ငှက်ပျောဖူးနီတွဲကျနေတာကို ခေါ်ဆိုတာဖြစ် ကြောင်းကိုပါ တစ်ခါတည်းဖြေလိုက်သည်။
လဂွန်းအိမ်၏အဖြေစကားကို မှန်ကန်ကြောင်းပြောနေစဉ်မှာပင် ဘုန်းကြီးကျောင်းမှ တိုက်အုပ်ဆရာတော်က လှမ်းခေါ်နေသဖြင့် လဂွန်းအိမ်နှင့် ဗညားတို့နှစ်ဦး ဘုန်းကြီးကျောင်းဘက်သို့ ထွက်သွား ကြတော့သည်။ ။