တက္ကသိုလ် ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ စာဖြေခန်းအတွင်းသို့ နာရီဝတ်ဆင် မလာရန် ညွှန်ကြား

မန္တလေး ၆ မတ် 


ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ စာဖြေခန်းအတွင်းသို့ နာရီဝတ်ဆင် မလာရန် ညွှန်ကြားထားကြောင်း တာဝန်ကျ ဆရာ၊ ဆရာမများထံမှ သိရသည်။


အချက်အလက် ထည့်သိမ်းနိုင်ပြီး အင်တာနက်ပါ အသုံးပြုနိုင်သည့် နာရီမျိုးကို စာဖြေခန်းအတွင်း ယူလာကာ သိမ်းဆည်းထားသော အချက်အလက်များဖြင့် မသမာ ဖြေဆိုခြင်း၊ နာရီတွင်ပါသည့် ကင်မရာ မှတစ်ဆင့် စာမေးပွဲမေးခွန်းကို ဓာတ်ပုံရိုက်ယူကာ စာမေးပွဲမပြီးမီ မေးခွန်းပေါက်ကြားခြင်းများ မရှိအောင် ယခုလိုစီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

 

1


"မနှစ်က အတွေ့အကြုံအရ စာမေးပွဲ ဖြေတုန်းရှိသေးတယ်။ မေးခွန်းပေါက်တယ်။ ခေတ်ကလည်း တော်တော်လေးကို တိုးတက်နေပြီ။ ပစ္စည်း သေးသေးလေးနဲ့လည်း ဖန်တီးလို့ရတဲ့အတွက် အဓိက နာရီဝတ်မလာဖို့ ကျောင်းသားတွေကို ပြောပါတယ်။ စာသင်ခန်းတိုင်းမှာလည်း နာရီတပ်ထားပါတယ်။ ဆရာ၊ ဆရာမတွေကလည်း အချိန်ကိုပြောပေးမှာပါ'' ဟု ချမ်းအေးသာစံမြို့နယ် အမှတ် ၅ ကျောင်းတွင် တာဝန်ကျသည့် အလယ်တန်းပြဆရာ ဦးသန့်စင်ကပြောသည်။ 

 

1


စာဖြေနေစဉ် မည်သည့် လက်ပတ်နာရီကိုမျှ စာဖြေသူများအား ဝတ်ဆင်ထားခွင့် မပြုရန်ပါ စာမေးပွဲခန်း စောင့်ဆရာ၊ ဆရာမများအား ညွှန်ကြားထားသည်။  ထိုသို့ ကန့်သတ်မှုများကြောင့် စာဖြေသူများ အချိန်သိရှိနိုင်ရေး စာဖြေခန်းတိုင်းတွင် တိုင်ကပ်နာရီ စီစဉ်ထားပေးရန်နှင့် တိုင်ကပ်နာရီကို စာဖြေချိန်အတွင်း အချိန်မှန်စေရေး မြန်မာ စံတော်ချိန်နှင့် တိုက်ထားပေးရန် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက စာစစ်ဌာန ကြီးကြပ်ရေးမှူးများအား ညွှန်ကြားထားသည်။

 

1


ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် တနိုင်ငံလုံး အတိုင်းတာဖြင့် ဖြေဆိုသူ ရှစ်သိန်းကျော်ရှိပြီး စာစစ်ဌာန ၁၄၀ဝ ကျော်ရှိကြောင်း သိရသည်။


အိမို့မို့ခိုင်

 

1