မန္တလေးဥပစာကောလိပ်အဖြစ် ၁၉၂၅ ခုနှစ်၌ စတင်ဖွင့်လှစ်ခဲ့သည့် မန္တလေးတက္ကသိုလ်သည် ယခု ၂၀၂၅ ခုနှစ်တွင် နှစ် (၁၀၀) ပြည့်မြောက်ခဲ့ပြီဖြစ်သည့်အတွက် မန္တလေးတက္ကသိုလ်၏ နှစ်(၁၀၀)ပြည့် ရာပြည့် သဘင်အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ မန္တလေး တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မန္တလေးမြို့ပေါ်တွင်သာမက နယ်ဝေးမှ မန္တလေးတက္ကသိုလ် ကျောင်းသား ကျောင်းသူဟောင်းများ၊ ဆရာကြီး ဆရာမကြီးများ စုံစုံလင်လင် တက်ရောက်ခဲ့ကြပြီး တစ်ဦးနှင့်တစ်ဦး ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ကြကာ ခေတ်အဆက်ဆက် တက္ကသိုလ် ကြီး၏ လွမ်းမောဖွယ် အချိန် ကာလတစ်ခုကို ပြန်ပြောင်းအောက်မေ့ ပြောကြားမှုများ၊ တက္ကသိုလ်ကြီး၏ ရာပြည့်အခမ်း အနားကြီးကို ခမ်းနားစွာ ကျင်းပနိုင်ခဲ့မှုနှင့် ယခုအခမ်းအနားသို့ တက်ရောက်ခွင့်ရရှိခဲ့ကြသည့် ရင်တွင်းစကားသံများကို မေးမြန်းရေးသားဝေမျှလိုက်ရပါသည်-
ဦးသိုက်စိုး
(ကျောင်းသားဟောင်း)
ဒီရာပြည့်ပွဲကြီးကို မတ်လမတိုင်ခင်ကတည်းက စတင်ပြီး ဆရာကြီး ဆရာမကြီးတွေ၊ ကျောင်းသားဟောင်းတွေ၊ မြို့မိ မြို့ဖတွေဦးဆောင်ပြီး ဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့ကြတာဖြစ်ပါ တယ်။ အခုလို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တဲ့အတွက်လည်း ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ ဒီပွဲမှာလည်း မိတ်ဆွေဟောင်း၊ သူငယ်ချင်းဟောင်းတွေကို ပြန်လည်တွေ့ရတဲ့အတွက်လည်း အတိတ်ကို ပြန်လည်တမ်းတမိပါတယ်။ မေဂျာပေါင်းစုံက သူငယ်ချင်းတွေကိုလည်း တွေ့ရတဲ့ အတွက်လည်း ဝမ်းသာမိပါ တယ်။ အနှစ် ၃၀ လောက် ပြန်ငယ်သွားတယ်လို့လည်း ခံစားမိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် မလာနိုင်တဲ့သူငယ်ချင်း တွေလည်းရှိပါတယ်။ ဒီတက္ကသိုလ်ကြီးက ကျွန်တော်တို့ကို လူနေမှု အဆင့်အတန်းနဲ့ လူ့ဘောင်ဘဝ ဝင်ဆံ့ဖို့ကို အများကြီးသင်ပေးခဲ့ပါတယ်။ ဒါကြောင့် တက္ကသိုလ် ရာပြည့်ပွဲမှာ ပါဝင်ဆင်နွှဲရတဲ့ အတွက်လည်း ကျေးဇူးတင်ရှိပါတယ်။
မောင်ကျော်မိုးဦး
(တတိယနှစ်ကျောင်းသား)
ကျွန်တော်တို့ကျောင်းရဲ့ နှစ် (၁၀၀) ပြည့် ပွဲတော်ကြီးဖြစ်တော့ ပျော်တာပေါ့။ ကိုယ်တိုင်လည်း ပါဝင်ရတဲ့အတွက် အမှတ်တရတွေ အများကြီးလည်း ဖြစ်ပါတယ်။ ကျောင်းတော်ကြီးနဲ့ပတ်သက်ပြီး ကျောင်းသားဘဝ အမှတ်တရတွေကတော့ အများကြီးရှိပါတယ်။ ပွဲတော်ကြီးဖြစ်မြောက်ဖို့အတွက် အားလုံးခက်ခက်ခဲခဲနဲ့ ကြိုးစားဆောင်ရွက်တဲ့အတွက် အခုလိုအောင်မြင်စွာ ဆောင်ရွက်နိုင်တာ ဖြစ်ပါတယ်။ ပွဲတော်ကြီးမှာဆိုရင် ဆိုင်ခန်းတွေ၊ ပြခန်းတွေအများကြီး ပါဝင်ပါတယ်။ ကျွန်တော်တို့ တက္ကသိုလ်ရဲ့ ပွဲတော်ကြီးကတော့ အလွန်ကိုခမ်းနားလှပါတယ်။ အနယ်နယ်အရပ်ရပ်က လာရောက် ပါဝင်ဆင်နွှဲကြတဲ့ သူတွေလည်း အများကြီးတွေ့ရပါတယ်။ ဒီလိုအောင်မြင်စွာကျင်းပနိုင်ဖို့ ကူညီ ပေးကြတဲ့သူတွေအားလုံးကိုလည်း ကျေးဇူးတင်ရှိပါတယ်။ မျိုးဆက်သစ်ကျောင်းသားတွေ အနေနဲ့ လည်း တက္ကသိုလ်ကျောင်းသား တစ်ယောက်ဖြစ်လာပြီဆိုရင် တက္ကသိုလ်ကျောင်းသားဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်း ခံစားကြည့်ကြပါလို့ ပြောလိုပါတယ်။
မမိုးဆွေ(ကျောင်းသူ)
ဒီနေ့ အခမ်းအနားလာရောက် တက်ခွင့်ရတဲ့အတွက် အလွန်ကို ပျော်ရွှင်မိပါတယ်။ ဒီလိုပွဲကြီးကိုလည်း တစ်ခါမှလည်း မကြုံဖူးတော့ စိတ်လှုပ်ရှားမိပါတယ်။ နောက်ပြီး အစီအစဉ်တွေကလည်း အများကြီး စီစဉ်ဆောင်ရွက်ထားတာကိုလည်း တွေ့ရပါတယ်။ အခမ်းအနားမှာတော့ ကျွန်မတို့က ကြိုဆိုရေး အနေနဲ့ ပါဝင်ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ကျွန်မတို့ ကြိုဆိုရေးအဖွဲ့မှာ ၁၆ ယောက် ပါဝင်ပါတယ်။ သူငယ်ချင်းတွေ အားလုံး စည်းစည်းလုံးလုံးနဲ့ ဆင်တူဝတ်စုံတွေဝတ်ဆင်ပြီး ပါဝင်ဆင်နွှဲတာ ဖြစ်ပါတယ်။ နိုင်ငံတော်အဆင့်ပွဲကြီးဆိုတော့ ပီတိလည်းဖြစ်သလို ဂုဏ်လည်းယူမိပါတယ်။ ကျောင်းမပြီးမချင်း တက္ကသိုလ်ကြီးကလုပ်တဲ့ ပွဲတိုင်းမှာ ပါဝင်သွားပါမယ်။ အနယ်နယ် အရပ်ရပ်က သူငယ်ချင်းတွေ၊ အဝေးရောက်နေတဲ့သူငယ်ချင်း တွေအနေနဲ့ ဖြစ်နိုင်မယ်ဆိုရင် ဒီပွဲကြီးကို ပါဝင်ဆင်နွှဲကြစေလိုပါတယ်။
ဒေါ်မြတ်သဇင်လှိုင်
(ကထိက၊ မန္တလေးတက္ကသိုလ်)
ဒီနေ့ပွဲမှာတော့ ကျွန်မတို့ မန္တလေးတက္ကသိုလ် သင်္ချာဌာနအနေနဲ့ ဘက်ပေါင်းစုံကနေပါဝင် ဖြစ်ပါတယ်။ အခမ်းအနားကြီးမှာ စာတမ်းဖတ်ပွဲတွေ၊ ပြပွဲတွေ၊ ကျောင်းသားဟောင်းတွေရဲ့ ဆရာ ကန်တော့ပွဲတွေလည်း ရှိပါတယ်။ နောက်ရက်ကျရင် စတုဒိသာ အကျွေးအမွေးတွေလည်း ပါဝင်ပါ မယ်။ ဒီလို ကြုံတောင့်ကြုံခဲအခမ်း အနားကြီးမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆင်နွှဲရတဲ့အတွက် အလွန်ကို ပျော်ရွှင်မိပါတယ်။ ငယ်သူငယ်ချင်း တွေကိုလည်း တွေ့ခွင့်ရတယ်။ အလွန်ကို ဂုဏ်ယူမိပါတယ်။ အခုလို အခမ်းအနားကြီးကို စည်ကား သိုက်မြိုက်စွာ ကျင်းပပေးကြတဲ့ တာဝန်ရှိသူတွေ အားလုံးကိုလည်း ကျေးဇူးအထူး တင်ရှိပါတယ်။ တက္ကသိုလ်မှာတော့ အမှတ်တရ တွေအများကြီး ရှိခဲ့ပါတယ်။ ပြန်တွေးရင်တော့ အောက်မေ့စရာ တွေပါပဲ။ တက္ကသိုလ်ကြီးကို ပြောမပြနိုင်အောင် ချစ်ပါတယ်။ ဒါကြောင့် တက္ကသိုလ်ကြီးနှစ်ပေါင်းများစွာ ဆက်လက်တည်တံ့ခိုင်မြဲ ပြီး ထူးချွန်ကျောင်းသားတွေ လည်း မွေးထုတ်နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။
ဒေါက်တာသန်းသန်းစိုး
(တွဲဖက်ပါမောက္ခ၊စီးပွားရေးပညာဌာန)
ဒီအခမ်းအနားကြီးမှာ ကျွန်မတို့ ဌာနအနေနဲ့ ပြခန်းငါးခန်း တာဝန်ယူပြသထားပါတယ်။ အမှတ်တရ ပစ္စည်းတွေလည်း ပြသရောင်းချပေးပါတယ်။ ဒီပွဲတော်ကြီး ဖြစ်မြောက်ဖို့ အားလုံးကြိုးစား ဆောင်ရွက်ခဲ့ကြပါတယ်။ ဒီလိုခမ်းနားတဲ့ပွဲတော်ကြီးမှာ ပါဝင်ခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ပြည်သူတွေအနေနဲ့လည်း ပွဲတော်ကြီးကို လာရောက်ပြီး ပြခန်းတွေ၊ အမှတ်တရဓာတ်ပုံတွေနဲ့ အခြားထူးခြားတဲ့ အစီအစဉ်တွေ ထည့်သွင်းထားတဲ့အတွက် လာရောက် ဆင်နွှဲကြဖို့ ဖိတ်ခေါ်ပါတယ်။
ဒေါက်တာမေသွယ်အေး
(ဒုတိယပါမောက္ခချုပ်၊မန္တလေးတက္ကသိုလ်)
ဒီနေ့မှာတော့ မန္တလေးတက္ကသိုလ်ကြီးရဲ့ ရာပြည့်အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါပြီ။ ရာပြည့်သဘင် အခမ်းအနားပြီးတဲ့နောက် အောက်တိုဘာ ၅ ရက်နေ့က ကမ္ဘာ့ဆရာများနေ့ ဖြစ်တဲ့အတွက် ဘာသာရပ်ပေါင်းစုံက ဆရာကြီး ဆရာမကြီး ၆၁၆ ဦး ကို ဘွဲ့နှင်းသဘင်ခန်းမမှာပဲ အာစရိယပူဇော်ပွဲ ကျင်းပမှာဖြစ်ပါတယ်။ ကျွန်မအနေနဲ့ အခုမန္တလေး တက္ကသိုလ်မှာ တာဝန် ထမ်းဆောင်နေတဲ့ အချိန်မှာပဲ အများစုမရနိုင်တဲ့ အခွင့်အရေး တစ်ရပ်ဖြစ်တဲ့ ရာပြည့်သဘင်ကြီး ကျင်းပဖို့အတွက် တစ်ထောင့် တစ်နေရာကနေ ပါဝင်ခွင့်ရခဲ့ပါတယ်။ နောက်ပြီး ကျွန်မက မန္တလေး တက္ကသိုလ်ကနေ ကျောင်းပြီးခဲ့တာဖြစ်လို့ အမိတက္ကသိုလ်ကြီးရဲ့ပွဲကို ဆင်နွှဲခွင့် ရတဲ့အတွက် အလွန်ကိုဂုဏ်ယူမိပါတယ်။ ဒီအခမ်းအနားကြီးကို အနယ်နယ်အရပ်ရပ်မှာရှိတဲ့ မိဘပြည်သူတွေအားလုံးနဲ့ ကျောင်းတော်ကြီးက မွေးထုတ်ပေးလိုက်တဲ့ ကျောင်းသား ကျောင်းသူဟောင်းတွေ၊ လက်ရှိ တက်ရောက်နေတဲ့ ကျောင်းသား ကျောင်းသူအားလုံး အမိတက္ကသိုလ် ကြီးရဲ့ ရာပြည့်သဘင်အခမ်းအနား ကြီးမှာ ကိုယ်တိုင်လာရောက်ပြီး ပါဝင်ဆင်နွှဲနိုင်ပါတယ်လို့ ဖိတ်ခေါ် ပါတယ်။
မင်းထက်အောင်(မန်းကိုယ်ပွား)


