ရန်ကုန် အောက်တိုဘာ ၂၆
၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ် အဆင့်မြင့်ပညာဦးစီးဌာန တက္ကသိုလ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည် နောက်ဆုံးပွဲစဉ်များကို ယနေ့ဆက်လက်ကျင်းပသည်။
တက္ကသိုလ်ပေါင်းစုံ(အမျိုးသား) အုပ်စုပတ်လည်ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် ၇ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် သထုံလမ်းရှိ တက္ကသိုလ်အားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြရာ ပုသိမ်ဇုန်အသင်းက မော်လမြိုင်ဇုန်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် လည်းကောင်း၊ မွန်းလွဲ ၃ နာရီခွဲတွင် ယှဉ်ပြိုင်ကစားသည့် မကွေးဇုန်အသင်းနှင့် တောင်ကြီးဇုန်အသင်းပွဲစဉ်တွင် တောင်ကြီးဇုန်အသင်းက ခြောက်ဂိုး-ဂိုးမရှိဖြင့်လည်းကောင်း အနိုင်ရရှိကြသည်။
တက္ကသိုလ်ပေါင်းစုံ (အမျိုးသား) ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲစဉ်အဖြစ် ရန်ကုန်ဇုန်အသင်းနှင့် မော်လမြိုင်ဇုန်အသင်း၊ ပုသိမ်ဇုန်အသင်းနှင့် မြစ်ကြီးနားဇုန်အသင်းတို့၏ ပွဲစဉ်များကို အောက်တိုဘာ ၃၀ ရက်တွင် လည်းကောင်း၊ ဗိုလ်လုပွဲစဉ်ကို နိုဝင်ဘာ ၃ ရက်တွင် လည်းကောင်း နေပြည်တော် ဇေယျာသီရိ ဘောလုံးကွင်း၌ ကျင်းပသွားမည်ဖြစ်သည်။
ထို့အတူ နေပြည်တော် ဇေယျာသီရိဘောလုံးကွင်း၌ တက္ကသိုလ်ပေါင်းစုံ(အမျိုးသမီး) ဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲအဖြစ် မော်လမြိုင်ဇုန်အသင်းနှင့် ရန်ကုန်ဇုန်အသင်းတို့၏ ပွဲစဉ်ကို အောက်တိုဘာ ၃၁ ရက်တွင် လည်းကောင်း၊ ဗိုလ်လုပွဲအဖြစ် ပုသိမ်ဇုန်အသင်းနှင့် နေပြည်တော်ဇုန်အသင်းတို့၏ ပွဲစဉ်ကို နိုဝင်ဘာ ၃ ရက်တွင်လည်းကောင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


