တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာဖြေဆိုမှုများ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး လှည့်လည်ကြည့်ရှု

နေပြည်တော် ၆ မတ် 

 


၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီမှစတင်၍ မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ တစ်ပြိုင်တည်း စတင်ကျင်းပသည်။

 


နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာန၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကျောင်းသူကျောင်းသားများ မြန်မာစာ ဘာသာဖြေဆိုမှုများကို လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများအား ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး၊  လိုအပ်ချက်များ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး တို့အတွက် စာမေးပွဲလုပ်ထုံး လုပ်နည်း၊ စည်းကမ်းများ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

 


၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် နိုင်ငံရပ်ခြားရှိ မြန်မာနိုင်ငံသံရုံးများ၌ နိုင်ငံခြားစာစစ်ဌာန (၂၁)ခု၊ ပြည်တွင်းစာစစ်ဌာန (၁၈၆၅)ခု စာစစ်ဌာန စုစုပေါင်း(၁၈၈၆)ခုတွင်  စာမေးပွဲဖြေဆိုရန် စုစုပေါင်း ၈၉၇၉၉၄ ဦး စာရင်းပေးသွင်းကြပြီး ၈၅၁၅၇၀ ဝင်ရောက်ဖြေဆိုကြသည်။ 

 


နေပြည်တော်ကောင်စီနယ်မြေတွင် စာစစ်ဌာန ၅၀ ၌ စာမေးပွဲဖြေဆိုရန် ၂၆၁၂၃ ဦး စာရင်းပေးသွင်းကြပြီး ၂၄၈၂၇ ဦး ဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။ 

 


(သတင်းစဉ်)