တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို နိုင်ငံခြားစာစစ်ဌာနများ အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနများတွင် ဖြေဆိုသူပေါင်း ၈၅၁၅၇၀ ရှိ

နေပြည်တော် ၆ မတ် 

 

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့အဖြစ် မြန်မာစာဘာသာရပ်ကို ယနေ့တွင် စတင်ဖြေဆိုကြရာ နိုင်ငံခြားစာစစ်ဌာန ၂၁ ခုနှင့် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာန ၁၈၆၅ ခု၊ စာစစ်ဌာနစုစုပေါင်း ၁၈၈၆ ခုတွင် ဖြေဆိုသူပေါင်း ၈၅၁၅၇၀ ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

 

တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်တွင် ဖြေဆိုသူပေါင်း ၈၅၁၅၇၀ အနက် တစ်နိုင်ငံလုံး၌ ဆေးရုံဖြေဆိုသူ ၉၄ ဦး၊ အမြင်အာရုံ မသန်စွမ်းဖြေဆိုသူ ၂၄ ဦး၊ အကြားအာရုံ မသန်စွမ်းဖြေဆိုသူ ၁၅ ဦး၊ ကိုယ်အင်္ဂါ မသန်စွမ်းဖြေဆိုသူ ၁၃၂ ဦး၊ အကျဉ်းထောင်များတွင် ဝင်ရောက်ဖြေဆိုသူ ၁၈၁ ဦးနှင့် ကရင်ပြည်နယ် မြဝတီမှ ဝင်ရောက်ဖြေဆိုသူ ၁၄၀ ရှိကြောင်း သိရသည်။

 

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အကြားအာရုံမသန်စွမ်း စာဖြေသူများအတွက် မေးခွန်းပုံစံကို သဘောပေါက်နားလည်ရန် လူမှုဝန်ထမ်းသင်တန်းကျောင်းမှ ဆရာ/ဆရာမများ က Sign Language ဖြင့် ၁၅ မိနစ် ရှင်းလင်းပေးကြောင်း သိရသည်။ 

 

(သတင်းစဉ်)