တက္ကသိုလ်ဝင်စာမေးပွဲကို ကရင်ပြည်နယ်မှ စာစစ်ဌာန ၄၆ ခုဖြင့် ကျောင်းသား ကျောင်းသူ ၂၀၇၃၀ ဝင်ရောက်ဖြေဆိုမည်

ဘားအံ   ၂၀   ဖေဖော်ဝါရီ 
    

၂၀၁၉ ခုနှစ် မတ်လ ၆ ရက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲများကို ကျင်းပသွား မည်ဖြစ်ရာ ကရင်ပြည်နယ်အတွင်း စာစစ်ဌာန ၄၆ ခုဖြင့် ကျောင်းတွင်းဖြေနှင့် ပြင်ပဖြေ ကျောင်းသား၊ ကျောင်းသူ ၂၀၇၃၀ ဝင်ရောက် ဖြေဆိုကြမည်ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
    

ယခုနှစ်တွင် အထက-တောင်ကလေး၊ အထက(ခွဲ)ဒိုင်းပြ၊ အထက-ဒေါ်လန်း၊ အထက-နောင်ဘိုကြီး စာစစ်ဌာန ၄ ခုတိုး၍  စာစစ်ဌာနပေါင်း ၄၆ ခုဖြင့် ကရင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကို ကျင်းပသွားမည်ဖြစ်ပြီး ဘားအံမြို့နယ်တွင် စာစစ်ဌာန ၁၄ ခုဖြင့် ကျောင်းတွင်းဖြေနှင့် ပြင်ပဖြေ ကျောင်းသား ကျောင်းသူ ၈၂၂၉ ဦး၊ လှိုင်းဘွဲမြို့နယ် တွင် စာစစ်ဌာန ၁၀ ခုဖြင့် ကျောင်းသား ကျောင်းသူ ၃၁၆၈ ဦး၊ သံတောင်မြို့နယ်တွင် စာစစ်ဌာန ၅ ခု ဖြင့် ကျောင်းသား ကျောင်းသူ ၁၅၄၇ ဦး၊ ဖာပွန်မြို့နယ်တွင် စာစစ်ဌာန ၂ ခုဖြင့် ကျောင်းသား ကျောင်းသူ ၆၆၇ ဦး၊ ကော့ကရိတ်မြို့နယ်တွင် စာစစ်ဌာန ၇ ခုဖြင့် ကျောင်းသား ကျောင်းသူ ၃၁၅၇ ဦး၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စာစစ်ဌာန ၅ ခုဖြင့် ကျောင်းသား ကျောင်းသူ ၂၀၇၃ ဦး၊ မြဝတီမြို့နယ်တွင် စာစစ်ဌာန ၃ ခုဖြင့် ကျောင်းသား ကျောင်း သူ ၁၈၈၉ ဦး စုစုပေါင်း စာစစ်ဌာန ၄၆ ခု၊ ကျောင်းသား ကျောင်းသူ ၂၀၇၃၀ ဦး ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။ 

 

123


     

ကရင်ပြည်နယ်၏ အောင်ချက်မြင့်မားရေးအတွက် သက်ဆိုင်ရာ ကျောင်းများမှ ဆရာ ဆရာမများအား ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်း၊ အချိန်ပိုသင်ကြားခြင်း၊ အုပ်ထိန်းသူစနစ်ဖြင့်ဆောင်ရွက်ခြင်း၊ သင်ကြားပြီးစီးမှု စစ်ဆေးကြပ်မတ်ခြင်း၊ အားနည်းသည့် ဘာသာရပ်များအား ကုစားသင်ကြားခြင်း၊ အကြိုစာမေးပွဲဖြေဆိုစေခြင်း၊ မေးခွန်းဟောင်းများ လေ့လာဖြေဆိုစေခြင်း၊ တက္ကသိုလ်များမှ ဆရာ/မများနှင့် ညှိနှိုင်းတိုင်ပင်ဆွေးနွေး၍  ဝါရင့်သင်ကြားနေသော ဆရာ/မများကို အောင်ချက်နိမ့်သော ကျောင်းများသို့ သွားရောက်ပို့ချစေခဲ့ခြင်းများကို စီမံဆောင်ရွက် ထားကြောင်း၊  တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးရုံး များမှ စီမံချက်များ အဆင့်ဆင့်ရေးဆွဲ၍ တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးများ ဆောင်ရွက်ရမည့် လုပ်ငန်း တာဝန်များနှင့် စာဖြေသူများ လိုက်နာရန် စည်းကမ်းများကိုလည်း ညှိနှိုင်းဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ရဲတပ်ဖွဲ့တို့နှင့် ပေါင်းစပ် ညှိနှိုင်း၍လုံခြုံရေးနှင့် ပတ်သက်ပြီး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မျှော်လင့်မထားသော သဘာဝဘေးအန္တရာယ် များ ကျရောက်လာပါက အရေးပေါ်စီမံချက်များကို ရေးဆွဲဆောင်ရွက်ထားကြောင်း၊ အရေးပေါ်ဖြစ်ပေါ်လာပါက အရန် စာစစ်ဌာနများကိုလည်း ကြိုတင်လျာထားဆောင်ရွက်ထားကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သတင်းရရှိသည်။ 


စောမျိုးမင်းသိန်း(ပြန်/ဆက်)

 

123