ရန်ကုန် နိုဝင်ဘာ ၄
အများပြည်သူ ရုံးပိတ်ရက် တန်ဆောင်မုန်းလပြည့်နေ့ အခါသမယတွင် ပုဂံယဉ်ကျေးမှုဒေသ၌ မိုးဖွဲဖွဲရွာလျက်ရှိသော်လည်း ခရီးသွားများဖြင့် စည်ကားခဲ့သည်။
သီတင်းကျွတ်ကာလ ခရီးသွား ရာသီအစတွင် ပုဂံယဉ်ကျေးမှုဒေသသို့ ခရီးသွားအများအပြား ဝင်ရောက်ခဲ့ကာ တန်ဆောင်တိုင် ပွဲတော်ကာလတွင်လည်း ကုသိုလ်ယူ လည်ပတ်နိုင်ရန် ဟိုတယ် အခန်းများ ကြိုတင်မှာယူထားကြပြီး ရာသီဥတုကောင်းမွန်ပါက ယခုထက် ပိုမိုလာရောက် လာနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းကြသည်။
“လပြည့်နေ့မှာ မိုးရွာပေမယ့် ပုဂံကို ခရီးသွားတွေ လာကြတယ်။ ဟိုတယ်တွေမှာ ကြိုတင်မှာထားတဲ့ ခရီးသွားတွေ၊ ဘုရားဖူးလာတဲ့ ကားတွေနဲ့ အပြည့်ပါ။ ရာသီဥတု ကောင်းရင် အခုထက်ပိုပြီး ခရီးသွား များမှာပါ။ ဘုရား၊ စေတီတွေမှာလည်း စည်ကားပါတယ်။ ပုဂံယဉ်ကျေးမှုဒေသကို ခရီးသွား ဝင်ရောက်တာများတဲ့အတွက် ဝမ်းသာပါတယ်။ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ စုဝေးရာ ပုဂံဒေသကို လာရောက် ကုသိုလ်ယူလည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်”ဟု ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ပုဂံရုံးခွဲမှ တာဝန်ရှိသူက ပြောသည်။
ပြည်တွင်းခရီးသွားများနည်းတူ နိုင်ငံခြား ခရီးသွားများလည်း လေ့လာလည်ပတ်မှု များပြားကြောင်း၊ တန်ဆောင်မုန်းလပြည့်ညတွင် အထင်ကရဘုရား၊ စေတီ ၁၈ ဆူတို့တွင် ဆီမီးများ ပူဇော်၍ ကုသိုလ်ယူသူများဖြင့် စည်ကားခဲ့သည်။
“ထီးလိုမင်းလို ဘုရားကို တန်ဆောင်တိုင်ပိတ်ရက်မှာ ခရီးသွား ၈၀၀၀ ဝန်းကျင်၊ လပြည့်နေ့မှာ ၁၀၀၀၀ နီးပါး လာရောက်ခဲ့တယ်။ အရင်နှစ်ကထက် ခရီးသွား ပိုဝင်တဲ့သဘောပါ။ ပုဂံဟာ မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ်တွေ စုဝေးရာ ဒေသဖြစ်တဲ့အတွက် ပုဂံကို မြင်လိုက်တာနဲ့ နိုင်ငံကို ချစ်မြတ်နိုးစိတ်၊ ဘာသာတရားကို လေးစား တန်ဖိုးထားတဲ့စိတ်တွေ ပေါ်ထွန်းလာစေတာအမှန်ပါ” ဟု ထီးလို မင်းလိုဘုရား ဂေါပကအဖွဲ့မှ အတွင်းရေးမှူးက ပြောသည်။
ယခုရက်ပိုင်းအတွင်း ဘင်္ဂလား ပင်လယ်အော်၌ လေဖိအားနည်း ရပ်ဝန်းနှင့် ဖိလစ်ပိုင်ပင်လယ်ပြင် တွင်ဖြစ်ပေါ်နေသည့် တိုင်ဖွန်းမုန်တိုင်းတို့၏ အရှိန်ကြောင့် မြန်မာနိုင်ငံတွင် နေရာကွက်၍ မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်ခဲ့သော်လည်း တန်ဆောင်တိုင်ပွဲတော် ကာလ၌ ပုဂံဒေသတွင် အများပြည်သူ ခရီးသွားလာမှုများပြားပြီး ကောင်းမှု ကုသိုလ်ပြုသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
သစ္စာ(MNA)
ဓာတ်ပုံ - ဇွဲမာန်


