ထားဝယ် စက်တင်ဘာ ၈

တနင်္သာရီတိုင်းဒေသကြီး ၂၀၂၅ ခုနှစ် နိုင်ငံတကာစာတတ်မြောက် ရေးနေ့အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ထားဝယ်မြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ထားဝယ်မြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “စေတနာပန်းတို့ လန်းရာမြေ သီချင်းဖြင့် ဂုဏ်ပြုသီဆို ဖွင့်လှစ်သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက နိုင်ငံတစ်နိုင်ငံ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးသည် လူတိုင်း စာတတ်မြောက်ရေးနှင့် တိုက်ရိုက် အချိုးကျသလို တိုင်းပြည်တည်ငြိမ် အေးချမ်းရေးနှင့်လည်း ဆက်စပ် လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေး နေ့ အထိမ်းအမှတ်ဆောင်ပုဒ် ဖြစ်သော “ဒစ်ဂျစ်တယ်ခေတ်ကို လိုက်မီဖို့ စာတတ်မြောက်ရေး မြှင့်တင်စို့ ဆိုသည့်အတိုင်း စာတတ်မြောက်ရေး လုပ်ငန်းများကို အားလုံးက ပူးပေါင်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းပြင်ပ ပညာရေးလုပ်ငန်းများ ဆောင်ရွက်ရန် ချီးမြှင့်ငွေကျပ်သိန်း ၅၀၀ ကို ပေးအပ်ပြီး နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုဆုများ ချီးမြှင့်သည်။

ဂုဏ်ပြုဆုချီးမြှင့်

ဆက်လက်၍ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီး များက နိုင်ငံတကာစာတတ်မြောက် ရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့် ကဗျာပြိုင်ပွဲ၊ အလယ် တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသား ကျောင်းသူ များအား ဂုဏ်ပြုဆုချီးမြှင့်ပြီး အခြေခံပညာဆရာ ဆရာမများက “စာတတ်မြောက်ရေး ဂုဏ်ပြုတေး သီချင်းဖြင့် သီဆိုဖျော်ဖြေ သည်။

ယင်းနောက် စာတတ်မြောက် ရေးလုပ်ငန်းများ ဆောင်ရွက်မှု Video Clip ပြသပြီး အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းသား ကျောင်းသူများက “ကလေးများအတွက် ဒီနေ့ သီချင်းဖြင့် သီဆိုဂုဏ်ပြုကြကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)