မြိတ် စက်တင်ဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ ဒူးရင်းသီးနှံပင်များကို တိုးချဲ့စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းနေကြောင်း ဒေသခံ ဒူးရင်းစိုက်တောင်သူများထံမှ သိရသည်။
ယခင်က ဒေသမျိုးများကို သာတောင်သူများ အသုံးပြုစိုက်ပျိုးလေ့ရှိပြီး စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးပွားထုတ်လုပ်ထားသည့် မိကျောင်းခေါင်းမျိုး၊ ကန်ကလေး(၁)နှင့် ကန်ကလေး(၂) မျိုးများကို စိုက်ပျိုးလျက်ရှိသည့်အပြင် ယခုအခါ မွန်ထောင်း၊ ဆူးမဲ၊ မူစံကင်းများကို ပိုမိုတိုးချဲ့ စိုက်ပျိုးလာကြကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ မွန်ထောင်း၊ မိချောင်းခေါင်း၊ ချန်နီ၊ မူစံကင်း၊ ဖုန်မဏီ စသည့် နိုင်ငံခြား ဒူးရင်းမျိုးများကို စီးပွားဖြစ် ဒေသခံတောင်သူ ခြံရှင်များက ပိုမိုတိုးချဲ့ စိုက်ပျိုးလုပ်ကိုင်လာကြပြီး မျိုးကောင်းမျိုးသန့် ဒူးရင်းရွေးချယ်ရာတွင် အသီးထွက်ကောင်း၊ အိမ်မွှာကြီးအသားထူ၊ အရသာကောင်း၍ စောစောသီးပွင့်သည့် ဒူးရင်းမျိုးများလည်း ရွေးချယ်စိုက်ပျိုးကြကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဒူးရင်းသီးနှံပင်များကို မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အများဆုံး စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းပြီး ပဲခူးတိုင်း ရွှေကျင်နှင့် ကျောက်ကြီးဒေသတို့တွင်လည်း အနည်းငယ်စိုက်ပျိုးကြကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် နှစ်ရှည်သီးနှံများ စိုက်ပျိုးဖြစ်ထွန်းသည့် ဒေသဖြစ်သည့်အတွက် ရော်ဘာ၊ ဆီအုန်း၊ ကော်ဖီ၊ ကိုကိုး စသည့် သီးနှံများအပြင် ဈေးကွက်ဝင်သီးနှံဖြစ်သော ဒူးရင်းသီးနှံလည်း အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
၂၀၂၄-၂၀၂၅ ခုနှစ်တွင် တိုင်းဒေသကြီးတွင် ဒူးရင်းစိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် စိုက်ဧက (၁၀၅၄၃)ဧက၊ အသီးခူးဧက (၁၀၂၁၁)ဧကရှိပြီး တစ်ဧက ပျမ်းမျှအထွက်နှုန်းအနေဖြင့် (၄၄၅၇)လုံး ထွက်ရှိကာ ဒူးရင်းမျိုးကွဲအလိုက် စိုက်ပျိုးထုတ်လုပ်မှု ပြည်ပမျိုး (၂၀)ရာခိုင်နှုန်းနှင့် ဒေသမျိုး (၈၀)ရာခိုင်နှုန်း စိုက်ပျိုးထားခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြင့်ဦး(မြိတ်)


