ရန်ကုန် စက်တင်ဘာ ၂၃

 

တနင်္သာရီတိုင်းဒေသကြီးတွင် ၂၀၂၄-၂၀၂၅ ခုနှစ် ပြည်ပသို့ ငါး/ ပုစွန်နှင့် ရေထွက်ကုန်တန်ချိန် ၂၈၅၃၁၄ ဒသမ ၇၁၄ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၀၃ ဒသမ ၆၂၈ သန်းရရှိခဲ့ရာ ယခုနှစ် ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုသည် ယမန်နှစ်ထက် ဝင်ငွေတိုးမြင့်ရရှိမည်ဟု ခန့်မှန်းထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

 

တနင်္သာရီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံတောင်ဘက်အစွန်းတွင် တည်ရှိပြီး ဘင်္ဂလားပင်လယ်အော်သို့ မေးတင်လျက်ရှိ၍ ကမ်းရိုးတန်းအရှည် ကီလိုမီတာ ၁၂၀၀ တွင် ကျွန်းပေါင်း ၈၀၀ ကျော်ဖြင့် ဖွဲ့စည်းထားရာ ထားဝယ်၊ မြိတ်၊ ဘုတ်ပြင်းနှင့် ကော့သောင်းခရိုင်တို့မှ ရေထွက်ကုန်များ အဓိကတင်ပို့မှုဖြင့် ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်များကို ထုတ်လုပ်ဖြန့်ချိလျက်ရှိသည်။

 

ရေထွက်ကုန်များကို ပင်လယ်ပြင်ဖမ်းဆီးမှုအပြင် ရေငန်မွေးမြူမှုမှလည်း နိုင်ငံခြားဝင်ငွေရရှိလျက်ရှိပြီး ထားဝယ်ခရိုင်၊ ကော့သောင်းခရိုင်၊ မြိတ်ခရိုင်၊ ရေဖြူမြို့၊ ကျွန်းစုမြို့နယ်နှင့် ပုလောမြို့နယ်တို့ရှိ ရေငန်ပုစွန်မွေးမြူသော လုပ်ငန်းရှင်များက ၂၂၁၇ ဒသမ ၅၆ ဧကတွင် ရေငန်ပုစွန်သားပေါက် ထိုင်းနိုင်ငံမှဝယ်ယူ၍ ခေတ်မီနည်းပညာဖြင့် GAqP စနစ်နှင့်အညီ မွေးမြူလျက်ရှိသည်။

 

ပြည်ပပို့ကုန် ရေထွက်ကုန်မွေးမြူမှုတွင် မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ်တို့၌ ကကတစ်၊ ကဏန်းပျော့ကိုလည်းကောင်း၊ ထားဝယ်ခရိုင်၊ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့၌ ကျောက်ငါးကိုလည်းကောင်း၊ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့၌ ချင်းခရုကိုလည်းကောင်း၊ ဘုတ်ပြင်းမြို့နယ်၌ ပင်လယ်ရေမှော်ကိုလည်းကောင်း မွေးမြူထုတ်လုပ်လျက်ရှိသည်။

 

“တနင်္သာရီတိုင်းဒေသကြီးကထွက်ရှိတဲ့ ရေထွက်ကုန်တွေကို ပြည်ပတင်ပို့မှုကနေ နိုင်ငံခြားဝင်ငွေ ရရှိနေပါတယ်။ အထူးသဖြင့် ရေငန်ပုစွန်မွေးမြူမှုနဲ့ ငါးမွေးမြူမှုကနေ နိုင်ငံခြားဝင်ငွေရရှိနေပြီး ပင်လယ်ပြင်ဖမ်းဆီးမှုကနေလည်း နိုင်ငံခြားဝင်ငွေ ရရှိနေပါတယ်။ အထူးသဖြင့် တရုတ်နဲ့ဂျပန်ကို ပုစွန်ဖြူတင်ပို့နေပြီး ပင်လယ်ပြင်ရေထွက်ကုန်တွေကို ထိုင်းနိုင်ငံကိုတင်ပို့ပါတယ်။ ၂၀၂၄- ၂၀၂၅ ခုနှစ် မတ်လအထိ ရေထွက်ကုန်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၃၀၃ ဒသမ ၆၂၈ သန်း ရရှိထားပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အမေရိကန်ဒေါ်လာ ၇၂၅ သန်း ရရှိခဲ့တာကြောင့် တနင်္သာရီတိုင်းဒေသကြီးအနေနဲ့ ပို့ကုန်ရရှိမှုတစ်ဝက်နီးပါးကို တင်ပို့နေတာဖြစ်ပါတယ်။ ၂၀၂၅-၂၀၂၆ ခုနှစ်မှာ ရေထွက်ကုန်ပြည်ပပို့ကုန်ကနေ နိုင်ငံခြားဝင်ငွေ ယမန်နှစ်ထက် ပိုမိုတိုးတက်ရရှိမယ်လို့ မျှော်မှန်းထားပါတယ်”ဟု တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးသက်စိုးက ပြောသည်။

 

တနင်္သာရီတိုင်းဒေသကြီးတွင် ၂၀၂၄-၂၀၂၅ ခုနှစ် မတ်လအထိ ရေငန်မွေးမြူမှုတွင် ပြည်ပပို့ကုန်ဖြစ်သည့် ငါးတန်ချိန် ၅၃၈ ဒသမ ၉၀၀ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၁၈ သန်း၊ ပုစွန်တန်ချိန် ၈၇၈၄ ဒသမ ၉၇၀ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၅၆၂ သန်း၊ ကဏန်းပျော့တန်ချိန် ၆၃၈ ဒသမ ၁၂၇ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၀၀၅ သန်း၊ ချင်းခရုတန်ချိန် ၇၇ ဒသမ ၈၅၀ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၁၅၁ သန်း၊ ပင်လယ်ရေမှော်တန်ချိန် ၁၈၇ ဒသမ ၇၅၉ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၉၂ သန်းဖြင့် စုစုပေါင်း ရေထွက်ကုန်တန်ချိန် ၁၀၂၂၇ ဒသမ ၆၀၆ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၁၂၈ သန်း ရရှိခဲ့ပြီး ပင်လယ်ပြင်ဖမ်းဆီးမှုနှင့် ရေငန်မွေးမြူမှုမှ ပြည်ပသို့ ရေထွက်ကုန်တန်ချိန် ၂၈၅၃၁၄ ဒသမ ၇၁၄ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၀၃ ဒသမ ၆၂၈ သန်း ရရှိခဲ့ခြင်းဖြစ်သည်။

 

၂၀၂၅-၂၀၂၆ ခုနှစ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်ထက် တနင်္သာရီတိုင်းဒေသကြီး၌ ပြည်ပသို့ရေထွက်ကုန် ပိုမိုတင်ပို့နိုင်ရန် စွမ်းအားပြည့်မွေးမြူမှုဖြင့် တိုးချဲ့မွေးမြူလျက်ရှိပြီး နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိစေရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။

 

ကိုကိုလွင်(ဥဿ)