ထားဝယ် စက်တင်ဘာ ၂၃
၂၀၂၅-၂၀၂၆ ပညာသင်နှစ် တနင်္သာရီတိုင်းဒေသကြီး အသက် (၁၈)နှစ်အောက် အခြေခံပညာ ကျောင်းသားအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ထားဝယ်မြို့ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပသည်။
ဦးစွာ ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းနေရာယူ၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်အား အလေးပြု ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက ယနေ့ ကျင်းပသည့် တိုင်းဒေသကြီးအဆင့် အသက်(၁၈)နှစ်အောက် အခြေခံပညာ ကျောင်းသားအားကစားပြိုင်ပွဲသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၀ ရက်မှ ၂၉ ရက်အထိ ဘရူနိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့်(၁၄)ကြိမ်မြောက် အာဆီယံ ကျောင်းသားအားကစားပွဲတော်တွင် သွားရောက်ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် တိုင်းဒေသကြီးလက်ရွေးစင်များ ရွေးချယ်နိုင်ရန် ကျင်းပခြင်းဖြစ်သကဲ့သို့ နိုင်ငံတော်က အားထားရသော ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်လက်ရွေးစင်အားကစားသမား မောင်မယ်များ ပေါ်ထွက်လာရေး မျှော်မှန်းပြီး ကျင်းပဆောင်ရွက်ပေးသည့် ပွဲတစ်ပွဲဖြစ်ကြောင်း၊ ထို့ကြောင့် အစွမ်းကုန်ကြိုးစားသွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။ ထို့နောက် ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာ အဓိဋ္ဌာန် (၄)ချက် ရွတ်ဆို၍ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကာ ကျောင်းသား ကျောင်းသူများက ဘင်ခရာအဖွဲ့၊ ပန်းဖွားအဖွဲ့၊ Fitness Dance အက၊ “တို့ပြည်ထောင်စုအတွက်” သီချင်းများဖြင့် ကပြဖျော်ဖြေကြသည်။
ယင်းနောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ထားဝယ်အသင်းနှင့် ရေဖြူအသင်းတို့၏ ယှဉ်ပြိုင် ကစားနေမှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးရာ ထားဝယ်အသင်းက ၁၅ ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိသည်။
တနင်္သာရီတိုင်းဒေသကြီးအဆင့် အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းသားအားကစားပြိုင်ပွဲတွင် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ ဘတ်စကက်ဘောပြိုင်ပွဲများကို စက်တင်ဘာ ၁၉ ရက်မှ ၂၄ ရက်အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


