သက်ထက်ကို(ကြည့်မြင်တိုင်)၊ ဓာတ်ပုံ-ဘော်ဂါသွေ

“အသပြာ” ဟု ခေါ်ဆိုသော “ငွေကြေး”သည် ပစ္စည်းတစ်ခု ရယူရန် (ဝါ) ဝယ်ယူရန် သို့မဟုတ် အကျိုးတစ်ခုဆောင်ရွက် ပေးနိုင်ရန်အလို့ငှာ “ကြားခံ” အရာတစ်ခုသာ ဖြစ်သည်။

သို့အတွက် လွတ်လပ်သောနိုင်ငံတစ်ခုအနေဖြင့် ပြည်သူအများ သုံးစွဲနိုင်ရန် ငွေကြေးများကို ရိုက်နှိပ်ထုတ်ဝေပေးခဲ့ကြရသည်။ သို့မှသာ ကုန်စည်စီးဆင်းမှု၊ လုပ်ငန်းဆောင်တာ အရာခပ်သိမ်းသည် လျင်မြန်ချောမွေ့အဆင်ပြေမည်သာ ဖြစ်ပေသည်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေးမရမီ နှောင်းကာလက ဗြိတိသျှ လက်အောက်ခံဖြစ်သည်။ အိန္ဒိယနိုင်ငံသုံးငွေ “ရူပီး” ကိုသာလျှင် အဓိကသုံးစွဲခဲ့ကြသည်ဟု သိရသည်။

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံသည် လွတ်လပ်သောပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ဖြစ်လာခဲ့သည်။ထို့အတွက် ၁၉၅၂ ခုနှစ်တွင် “မြန်မာနိုင်ငံတော် ပြည်သူ့ဘဏ်အက်ဥပဒေ”ကို ပြဋ္ဌာန်းခဲ့ပြီးနောက် “မူး-ပဲ” စသော နီကယ်ဖြင့် ပြုလုပ်ထားသည့် အကြွေစေ့လေးများကို စတင်ထုတ် ဝေပေးခဲ့သည်။ တစ်ပဲ-နှစ်ပဲ-ရှစ်ပဲ စသည်တို့ဖြစ်သည်။

ငွေကြေးနှင့်တိုင်းတာသော ပြောစကားများ

ငယ်ငယ်က လူကြီးအချင်းချင်း စကားပြောရာ၌ “မူးတင်း- ပဲတင်း”၊ သူများကျတော့ “တင်းပြည့် ကျပ်ပြည့်”ကိုယ့်အလှည့် ကျတော့ “မူးတင်း-ပဲတင်း”၊ အလကား မတ်တင်း ဆိုသော ငွေကြေးနှင့်တိုင်းတာသော ပြောစကားများကို မကြာခဏ ကြားလာခဲ့ရသည်။

နောက်ပိုင်း၌ တစ်ပြားမှသည် ငါးပြား၊ ဆယ်ပြား၊ ၂၅ ပြား(တစ်မတ်-ငွေတစ်ကျပ်၏ လေးပုံတစ်ပုံ)။ ၅၀ ပြား(ငါးမူး- ငွေတစ်ကျပ်၏ တစ်ဝက်)တို့ ဆက်တိုက်ထုတ်ဝေလာခဲ့သည်။ မူလပထမ ထုတ်စဉ်က အကြွေစေ့လေးများတွင် တစ်ဖက်ခြမ်း၌ ထိုင်နေသော ခြင်္သေ့ပုံပါရှိပြီး တစ်ဖက်ခြမ်းတွင် ထုတ်ဝေသော ဘဏ်အမည်နှင့် ခုနှစ်သက္ကရာဇ်ပါရှိသည်။ ဘေးတစ်ဖက် တစ်ချက်၌ ကနုတ်ပန်းရံလျက် အလယ်တွင် ငွေကြေးတန်ဖိုး ပါရှိသည်။ ထိုမှ ငွေနှင့်ပတ်သက်သော “ခေါင်းနှင့်ပန်း”ဟူ၍ အခေါ်အဝေါ် ရှိလာခဲ့သည်။

ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက်ပြောင်းလဲမှုနှင့် အတူ ၁၉၆၆ ခုနှစ်ဝန်းကျင်၌ အကြွေတွဲများကို “ဇင့်”ဖြင့် ပြောင်းလဲ၍ တစ်ဖက်တွင် ဗိုလ်ချုပ်အောင်ဆန်းပုံနှင့် တစ်ဖက် တွင် ထုတ်ဝေသောဘဏ်အမည်၊ ခုနှစ်၊ ကနုတ်ပန်းနှစ်ခုအကြား၌ တန်ဖိုးကို ရိုက်နှိပ်ထုတ်ဝေခဲ့သည်။

အကြွေစေ့လေးများ ထုတ်ဝေလာ

၁၉၉၀ ပြည့်နှစ်ဝန်းကျင်၌ တစ်ဖက်တွင် စပါးနှံပုံ၊ တစ်ဖက်တွင် တန်ဖိုးရိုက်နှိပ်ထုတ်ထားသော အဝိုင်းပြားကြေးရောင် အကြွေစေ့လေးများကို ထုတ်ဝေလာခဲ့သည်။ အကြွေပြားစေ့လေးများ သာမက တန်ဖိုးမြင့်မားသော တစ်ကျပ်၊ ငါးကျပ်၊ တစ်ဆယ် ကျပ်၊ ၅၀ ကျပ်၊ ၁၀ဝ ကျပ် တို့ကိုပင် သွန်းလုပ်ထုတ်ဝေလာခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ မှတ်တမ်းအရ ဆိုရသော် ၁၉၅၆ ခုနှစ်မှ ၂၀ဝ၀ ပြည့်နှစ်အထိ ငွေအကြွေ ဒင်္ဂါးအတွဲစဉ် ၂၃ တွဲ ထုတ်ဝေခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းပုံပါ အကြွေစေ့ငါးခု မျှပါရှိပြီး ကျန်အကြွေစေ့တို့မှာ ခြင်္သေ့ပုံ၊ စပါးနှံပုံတို့သာ ဖြစ်သည်ဟု လေ့လာတွေ့ရှိရသည်။

၁၉၄၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ငွေစက္ကူအတွဲပေါင်း ၃၄ တွဲ ရိုက်နှိပ်ထုတ်ဝေခဲ့ပြီး ဦးထုပ်ဆောင်းထားသော ဗိုလ်ချုပ်အောင်ဆန်းပုံပါ ၁၁ ခုရှိသည်ဟု ငွေကြေးနှင့်ပတ်သက်၍ လေ့လာသူတစ်ဦးထံမှ သိရသည်။ ငွေစက္ကူများပေါ်တွင် “ငွေစက္ကူထုတ်ရာဌာနတိုင်း၌ ငွေ (----)  နှင့် လဲလှယ်ခွင့်ရှိကြောင်း အာမခံသည်”ဟု ဖော်ပြထားသည်ကို တွေ့ရသည်။ အာမခံကြောင်း လက်မှတ်ထိုးထားသူမှာ “စံလင်း” အုပ်ချုပ်ရေးမှူး ပြည်ထောင်စု မြန်မာနိုင်ငံတော်ဘဏ် ကိုယ်စား” ဟု တွေ့ရသည်။ သိမီသူများက ပြောကြသည်။ “စံလင်း” ထက်  “မောင်ကောင်း” က စောသည်ဟု ဆိုသည်။ ယနေ့ “မောင်ကောင်း” လက်မှတ် ပါရှိသော ငွေစက္ကူများမှာ မတွေ့နိုင်သည့်တိုင်အောင် ရှားပါးသွားပြီဖြစ်သည်။

၁၉၆၄ ခုနှစ် မေ ၁၇ ရက် (တော်လှန်ရေးကောင်စီလက်ထက်) တွင် ဗိုလ်ချုပ်အောင်ဆန်းပုံပါ ၅၀ ကျပ်တန်၊ ၁၀ဝ ကျပ်တန် ငွေစက္ကူများကို တရားမဝင် ငွေစက္ကူများအဖြစ် ကြေညာ၍ သိမ်းခဲ့သည်။ ယင်းနောက် ထုတ်ဝေသော ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်းပုံပါသော်လည်း အာမခံမှုပါရှိခြင်း မရှိသည့် ကို တွေ့လာရသည်။

နောက်ထပ်ထုတ်ဝေသော ၁၅-၂၅-၃၅-၇၅-၄၅-၉၀ ကျပ်တန်များအနက် ၁၉၈၈ ခုနှစ် အရေးအခင်းမတိုင်မီ၌ ၁၅-၂၅-၃၅-၇၅ ကျပ်တန်များကို တရားမဝင် ငွေစက္ကူများအဖြစ် ထပ်မံကြေညာခဲ့သည်ဟု သိရသည်။ လက်ရှိ ပြည်သူများ အကြား၌ ရှိနေသော ၄၅-၉၀ ကျပ်တန်များကို တရားဝင်ကြေညာ၍ မသိမ်းခဲ့သော်လည်း ဘဏ်သို့ ရောက်လာသည့်အချိန်၌ တဖြည်းဖြည်း သိမ်းယူသွားသည်ကို လေ့လာတွေ့ရှိရသည်။

၁၉၈၈ ခုနှစ် နောက်ပိုင်း၌ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက်တွင် ခြင်္သေ့ပုံပါသော ငွေစက္ကူ ၁ ကျပ်မှ ၅-၁၀-၂၀-၅၀-၁၀ဝ-၂၀ဝ-၅၀ဝ-၁၀ဝ၀ တန်အတွဲများ ကို ထုတ်ဝေခဲ့သည်။ ယနေ့ ပြည်သူလူထုလက်ထဲတွင် သုံးစွဲလျက်ရှိနေသည်။ သို့သော် ၁ ကျပ်၊ ၅ ကျပ်၊ ၁၀ ကျပ်၊ ၂၀ ကျပ် တို့မှာ ယနေ့ခေတ် အနေအထားအရ ကလေးများပင် မုန့်ဝယ်စား၍ မရသော ပြောင်းလဲမှုများဖြစ်ခဲ့ပြီဖြစ်သည်။

အမှတ်တရအရောင်းဆိုင်များ၌သာရှိနေ

ထို့ထက် ထိုထိုသော အကြွေစေ့လေးများ၊ ငွေစက္ကူ အဟောင်းများ တန်ဖိုးမဲ့ကုန်ကြပြီဖြစ်သည်။ ငွေမဟုတ်သော ငွေများအဖြစ်သာ ရှင်သန်လျက်ရှိနေတော့သည်။ အမှတ်တရ သိမ်းထားသူ၊ အမှတ်တရ အရောင်းဆိုင်များ၌သာ ရှိနေကြပြီ ဖြစ်သည်။

ငွေအကြွေစေ့လေးများကို ပလတ်စတစ်အကြည်ဖြင့် အကန့်လိုက် အတွဲလိုက် ချိတ်ဆွဲ၍လည်းကောင်း၊ ငွေစက္ကူ အဟောင်းများကိုလည်း ထိုကဲ့သို့ပင် ပလတ်စတစ်အိတ်သွင်း၍ ရောင်းကုန်ပစ္စည်းအဖြစ် ယနေ့ သက်ဝင်တန်ဖိုးရှိနေသော ငွေဖြင့် အရောင်းအဝယ် ပြုလုပ်နေကြသည်ကို တွေ့လာရသည်။ ငွေချင်းတူခဲ့သော်လည်း ဘဝပြောင်းသွားသော ငွေများသာ ဖြစ်ခဲ့ရသည်။

ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းဈေး မျက်နှာစာရှိ ပစ္စည်းဟောင်းများနှင့် အမှတ်တရပစ္စည်းများ စုစည်းရောင်းချနေသော ဦးကြည်လွင်က “ငွေကြေးနဲ့ဆိုင်တဲ့ ပစ္စည်းက အတော်ရှားသွားပြီဗျ။ နယ်တွေအထိ အရင်ကဆင်းဝယ်တာတွေကို ပြန်ကောက်တယ်။ ဒါပေမယ့် သိပ်မရှိတော့ဘူး။ ပြည်တွင်းက အမှတ်တရ လိုချင်တဲ့သူရှိသလို နိုင်ငံခြားသားတွေကလည်း အမှတ်တရအဖြစ် ဝယ်လေ့ရှိကြတယ်”။ အကြွေစေ့လေးများ ထည့်ထားသော ကတ်တစ်ကတ်ကို ပြ၍ “ဒီလိုအကြွေစေ့လေးတစ်ကတ် ကို ယနေ့ဈေး ကျပ် ၂၀ဝ၀ နဲ့ ရောင်းတယ်။ ငွေစက္ကူကတော့ အတွဲလိုက်လည်း ရောင်းတာရှိသလို တစ်ရွက်ချင်းလည်း ရောင်းတယ်။ မူလတန်ဖိုးထက်တော့ ပိုမြင့်တာပေါ့” ဟု ဆိုခဲ့သည်။

သို့သော် ဤကဲ့သို့ ဆိုင်မျိုးများက ရန်ကုန်တွင် များများစားစားမရှိပေ။ ဗိုလ်ချုပ်အောင်ဆန်း ဈေးထဲတွင်ပင် ကြီးကြီးမားမား မတွေ့ခဲ့ရပေ။ ယခုနောက်ပိုင်း ဗိုလ်ချုပ်အောင်ဆန်းလမ်းမနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်တွင် ဤကဲ့သို့သော အမှတ်တရပစ္စည်းအဟောင်း ရောင်းချသောဆိုင်လေး သုံးလေးဆိုင် ဖွင့်လာကြသည်ကို တွေ့ရသည်။ ငွေစက္ကူအဟောင်းများကို မတွေ့ရသော်လည်း ငွေအကြွေစေ့ အဟောင်းများကိုတော့ဖြင့် တွေ့ခဲ့ရသည်။

ကလေးတွေရှိမှန်းတောင်မသိကြတော့ဘူး

နိုင်ငံခြားသား နှစ်ဦး စိတ်ဝင်စားစွာ လေ့လာကြည့်ရှုနေသည်။ ဆိုင်များပေါ်တွင် အဓိက တရုတ်လက်ရာ ကြေးသွန်းရုပ် ပစ္စည်းပုံစံမျိုးစုံ တွေ့ရသည်။ ကြေးဖြင့်သွန်းလုပ်ထားသော ဗုဒ္ဓဆင်းတုတော်ပုံလေးများလည်း ရှိနေသည်။ ဆိုင်ရှင်အမျိုးသမီး က “အချို့က ဒါတွေကို ရှေးဟောင်းပစ္စည်းလို့ ဆိုကြတယ်။ တကယ်တော့ ဒါတွေက ရှေးဟောင်းအမွေအနှစ် မဟုတ်ပါဘူး။ ခေတ်အလိုက် လက်ရာလေးတွေပါ၊ အမှတ်တရပေါ့၊ ငွေအကြွေ စေ့လေးတွေဆိုရင် သူ့ခေတ်နဲ့သူ ထုတ်လုပ်ထားမှုအမှတ်တရ လေးတွေပေါ့။ ရှေးဟောင်းနှောင်းဖြစ် သဘောပါ။ ယနေ့ ကလေးတွေဆို ဒါမျိုး သုံးလည်းမသုံးခဲ့ရဖူးတော့ ရှိမှန်းတောင်မသိကြတော့ဘူး” ဟု ဆိုသည်။

ထိုကဲ့သို့ အမှတ်တရပစ္စည်းအဟောင်း ရောင်းချသော ဆိုင်လေးများမှာ ရန်ကုန်မြေဝယ် အများကြီးမရှိပေ။ ယခင် ရွှေဘုံသာလမ်း ပစ္စည်းအဟောင်းများရောင်းသော ဆိုင်တန်းများ၌ ရှိခဲ့သော်လည်း ထိုဈေးတန်းပျောက်သွားပြီးနောက် မတွေ့ရတော့ပေ။ ကုန်သည်လမ်း စာပေဗိမာန်အနီး၌ တစ်ဆိုင်၊ ပန်းဆိုးတန်း လောကနတ်ပြခန်းအနီး၌ တစ်ဆိုင်လောက်သာလျှင် ရှိနေသေးသည်ကို တွေ့မြင်မိသည်။ ကြာလေ ရှားလေ တန်ဖိုးမြင့်လေဆိုသကဲ့သို့ ရန်ကုန်မြို့လယ်မှ အမှတ်တရဆိုင်လေးများအဖြစ် ဖော်ပြလိုက်ရပါသည်။

မြန်မာ့အလင်း

mdnmdnmdnmdnmdnmdnmdnmdnmdn