တံတားဦး စက်တင်ဘာ ၂၃
တံတားဦးခရိုင် တံတားဦးမြို့နယ်သို့ မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦးနှင့် တာဝန်ရှိသူများ၊ တံတားဦးမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ကျော်နောင်နှင့် ဝန်ထမ်းများ၊ မြို့နယ် သမဝါယမအသင်းစုမှ အမှုဆောင်များသည် ယမန်နေ့နံနက် ၉ နာရီက တံတားဦးမြို့နယ် ချောင်းပတ်ကျေးရွာ ကံ့ကော စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းမှ အသင်းသား တောင်သူ ဦးဆန်းအောင်၏ ဝါစိုက်ခင်း ၁ ဒသမ ၅ ဧကသို့ သွားရောက်ပြီး မိုးဝါသီးနှံစီမံကိန်း ဝါဂွမ်းများ ခူးဆွတ်ကောက်ယူမှုကို ကွင်းဆင်းကြည့်ရှု အားပေးသည်။
အဆိုပါ ဝါဂွမ်းစိုက်ခင်းမှာ ပထမအကြိမ် ကောက်ယူရာတွင် ဝါ ၁၂၈ ပိဿာထွက်ရှိကြောင်း၊ ထွက်ရှိသည့် ဝါဂွမ်းများသည် အရည်အသွေး ကောင်းမွန်ကြောင်း သိရသည်။
တံတားဦးမြို့နယ် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဝါသီးနှံစီမံကိန်း၌ မိုးဝါနှင့် မိုးနှောင်းဝါ စုစုပေါင်း ဧက ၉၀၀ အား အခြေခံသမဝါယမ အသင်းကိုးသင်းတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခု အခါ မိုးသီးနှံဝါပွင့်များ စတင်ကောက်ယူရာတွင် ဝါဂွမ်းအရည်အသွေး ကောင်းမွန်မှုရှိပြီး ဈေးကောင်း ရရှိရေးကိုလည်း မျှော်လင့်မိပါကြောင်း ဝါစိုက်တောင်သူများထံမှ သိရသည်။
ရဲတင့်(ပြန်/ဆက်)


