နေပြည်တော် ဒီဇင်ဘာ ၁၀
တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၆) သင်တန်းဆင်း ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော် ဆေးတက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမဆောင်ကြီး၏ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ချီးမြှင့်သည်။
အဆိုပါ သင်တန်းဆင်းဂုဏ်ပြု ညစာစားပွဲအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းမှူးများ၊ တပ်မတော် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် မင်္ဂလာဒုံတပ်နယ်မှ တာဝန်ရှိသူများ၊ ကျောင်းဆင်း ဗိုလ်လောင်းများ၏ မိဘဆွေမျိုးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ကြသည်။
ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သင်တန်းဆင်း အရာရှိများအား တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် သင်တန်း ဆင်းအရာရှိများ၊ ညစာစားပွဲ တက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။
ညစာသုံးဆောင်အပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် တပ်မတော် ဆေးတက္ကသိုလ် ဂုဏ်ပြုစစ်တီးဝိုင်းတပ်ဖွဲ့၏ ဂုဏ်ပြုတီးမှုတ်မှုကို ကြည့်ရှုအားပေးပြီး ချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ကျောင်းဆင်းအရာရှိများနှင့်အတူ ဘွဲ့နှင်း သဘင်ခန်းမဆောင်၌ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင် ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့၏ တေးသီချင်းများဖြင့် ဂုဏ်ပြုဖျော်ဖြေ တင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


