နေပြည်တော် ဒီဇင်ဘာ ၇
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်း သွားဆေးရုံရေယာဉ် (ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများ ပါဝင်သော တပ်မတော် နယ်လှည့်အထူးကု ဆေးအဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ဘိုကလေးမြို့နယ်သို့ ရောက်ရှိရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိ ရပ်ဖများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါ နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ဘိုကလေးမြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၌ အခြေပြု၍ အဆိုပါမြို့နယ်နှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၅၃၃ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာ ဆေးကုသမှုဆိုင်ရာရောဂါ ၁၅၀၊ ခွဲစိတ်ရောဂါ ၂၄ ဦး၊ သားဖွား/မီးယပ်ရောဂါ ၃၃ ဦး၊ ကလေးရောဂါ ၂၆ ဦး၊ အရိုးရောဂါ ၁၀၀၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၄၀၊ မျက်စိရောဂါ ၁၁၇ ဦးနှင့် သွားနှင့် ခံတွင်းရောဂါ ၄၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ယင်းတို့အနက် အထွေထွေခွဲစိတ်လူနာ လေးဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၇ ဦး၊ Ultrasound စက်ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၂၆ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၅ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄၉ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးကြသည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုကဲ့သို့ ကြားသိရပါသည်-
ကျွန်မနာမည် အိအိထွန်းပါ။ ကျွန်မက ဘိုကလေးမြို့ (၅)ရပ်ကွက်ကနေ လာပြတာပါ။ သားဖွားမီးယပ် လာပြတာပါ။ ဆရာဝန်တွေက အစစအရာရာ အကုန်လုံး အဆင်ပြေအောင် လုပ်ပေးပါတယ်။ အခုလို မြစ်တွင်းမှာ ရွှေပုဇွန်ရေယာဉ်ကနေ အခုလို လာရောက်ကုသပေးတဲ့အတွက် ကျွန်မတို့ဒေသခံတွေ အနေနဲ့ အင်မတန်ကျေးဇူးတင်မိပါတယ်။ အခုလိုမျိုး လာရောက် ကုသပေးတဲ့အတွက် ကျွန်မတို့ ရန်ကုန်တွေ မသွားရဘဲနဲ့ ဒီမှာတင် အခမဲ့လာရောက်ကုသပေးတဲ့အတွက် ဆရာတို့ပါရဂူအဖွဲ့ ကိုလည်း ကျေးဇူးတင်မိပါတယ်။ မြို့သူမြို့သားတွေကိုယ်စား ကျွန်မတို့က လှိုက်လှိုက်လှဲလှဲကို ဆရာတို့ကို ကြိုဆိုပါတယ် အခွင့်အခါသင့်ရင် ဒီလိုပဲ လာရောက်ပြီးတော့ ဆေးကုသမှုတွေ အခမဲ့လုပ်ပေးပါဦးလို့ ပြောချင်ပါတယ်။
ကျွန်မနာမည် ကတော့ မရတနာမျိုး ဖြစ်ပါတယ်။ ကျွန်မက ဒီမှာမျက်လုံးနဲ့ပတ်သက်ပြီးတော့ ခေါင်းလည်းနည်းနည်း ကိုက်တယ်၊ မျက်ရိုးတွေလည်း ကိုက်တဲ့အတွက်ကြောင့်မို့လို့ ဒီမှာ လာပြီးပြတဲ့အခါမှာ ပါဝါပြန်ပြီးတော့ စစ်မယ်။ ပြီးရင် မျက်စိအတွက် ဆေးတစ်ပတ်သောက်ရမယ်၊ သောက်ပြီးရင်ပါဝါပြန်စစ်တဲ့အခါမှာတော့ ပြန်ပြီးတော့ ကောင်းမွန်လာနိုင်တယ်။ အာရုံ ကြောအားနည်းတဲ့ပုံစံမျိုး ဖြစ်တယ်။ ပြီးရင်မျက်လုံးကတော့ ကောင်းတယ်၊ ပါဝါလေးပြန်စစ် လိုက်ရင် အဆင်ပြေသွားမယ် ဆိုပြီးတော့ပြောပါတယ်။ အခုလို မျိုးလာပြီး လှည့်လည်ပြီးတော့ အခမဲ့ လာရောက်ကုသပေးတဲ့အတွက် ကျေးလက်နေပြည်သူ တွေအနေနဲ့ကျတော့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသိပညာအခွင့် အလမ်းတွေ အများကြီးရရှိနိုင်ပါတယ်။ ကလေးအထူးကုဆရာဝန် ပါတယ်၊ ခွဲစိတ်အထူးကုဆရာဝန် ပါတယ်၊ အရိုးအကြောနဲ့ ပတ်သက်တာ၊ မျက်လုံး၊ အထွေထွေ၊ နောက်ပြီးတော့ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီးတော့ သားဖွားနဲ့မီးယပ်ဆရာဝန်တွေ အများကြီးလာတဲ့အတွက် ကြောင့်မို့လို့လည်း ဒေသခံတွေ အနေနဲ့ကျတော့ သူတို့ရဲ့ကျန်းမာရေးကို ဆေးရုံဆေးခန်းတွေကို တကူးတကသွားရောက် စရာမလိုဘဲနဲ့ ဒီတစ်နေရာတည်းမှာ ကဏ္ဍပေါင်းစုံကို ကုသနိုင်တဲ့ အတွက်ကြောင့်မို့လို့ သူတို့အတွက်လည်း အထောက်အကူတွေ အများကြီးဖြစ်ပါတယ်။ အခုလိုမျိုး လာရောက်ကုသပေးတဲ့ ဒီနယ်လှည့် ဆေးကုသရေးအဖွဲ့ (ရွှေပုဇွန်)နဲ့ ဆရာကြီးတွေ အားလုံးကို ကျေးဇူးတင်ရှိပါတယ်။ ကျွန်မတို့ ဘိုကလေးမြို့ လေးကိုလာပြီးတော့ ဒီလိုမျိုး ကုသပေးတဲ့အတွက်ကြောင့်မို့လို့ ဒီကျေးလက်နေ ပြည်သူတွေရဲ့ ကျန်းမာရေး အခွင့်အလမ်းတွေ အများကြီးရရှိအောင် ပြုလုပ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ရှင်။
သတင်းစဉ်


