နေပြည်တော် ဒီဇင်ဘာ ၆
တပ်မတော် နည်းပညာတက္ကသိုလ်၏ (၂၇) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တပ်မတော်နည်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်အောင်ဌေး၊ တပ်မတော်နည်းပညာ တက္ကသိုလ်ခေတ္တပါမောက္ခချုပ် ဒုတိယဗိုလ်မှူးကြီးမြင့်ဝင်း၊ တပ်မတော်နည်းပညာတက္ကသိုလ်မှ ပညာရေးအဖွဲ့ဝင်များနှင့် ကျောင်းဆင်းအရာရှိများ၏ မိဘ ဆွေမျိုးများ တက်ရောက်ကြသည်။
ဦးစွာ တပ်မတော်နည်းပညာ တက္ကသိုလ်ကျောင်းအုပ်ကြီး၊ ခေတ္တပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမသို့ ဝင်ရောက်၍ သတ်မှတ်နေရာများတွင် နေရာယူကြပြီး နိုင်ငံတော်သီချင်း တီးမှုတ်ကာ ဘွဲ့နှင်းသဘင် အခမ်းအနားကို ဖွင့်လှစ်သည်။
ဘွဲ့လက်မှတ်များ ချီးမြှင့်အပ်နှင်း
ထို့နောက် ခေတ္တပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်ကျင်းပကြောင်း ကြေညာပြီး ဘွဲ့ယူမည့်သူများ စောင့်ထိန်းရမည့်ကျင့်ဝတ်များကို လိုက်နာကျင့်သုံးရန် ကတိခံဝန်မှုပြုခြင်းကို ဆောင်ရွက်ကြသည်။ ဆက်လက်၍ ခေတ္တပါမောက္ခချုပ်က မဟာအင်ဂျင်နီယာဘွဲ့၊ အင်ဂျင်နီယာ ပညာသင်ကြားရေးဒီပလိုမာဘွဲ့၊ အင်ဂျင်နီယာဘွဲ့လွန် ဒီပလိုမာဘွဲ့နှင့် အင်ဂျင်နီယာဘွဲ့ ရရှိသူများအား သက်ဆိုင်ရာ ဘွဲ့လက်မှတ်များ ချီးမြှင့်အပ်နှင်းသည်။
ယင်းနောက် ခေတ္တပါမောက္ခချုပ်က ဘွဲ့ရရှိသူများအား ဘွဲ့များနှင့်လျော်ညီသော အမှတ်လက္ခဏာဖြစ်သည့် ဝတ်စုံများကို ဝတ်ဆင်ခွင့်ပြုခဲ့ပြီး ဘွဲ့နှင်းသဘင် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။
ထို့နောက် ခေတ္တပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းကြောင်းကြေညာကာ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ခေတ္တပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမမှ ပြန်လည်ထွက်ခွာသွားကြသည်။
တပ်မတော် နည်းပညာတက္ကသိုလ်အနေဖြင့် ပထမအကြိမ်ဘွဲ့နှင်းသဘင်မှ ယခု (၂၇) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အထိ အင်ဂျင်နီယာဘွဲ့ရအရာရှိ ၇၈၃၃ ဦး၊ အင်ဂျင်နီယာမဟာဒဿနဘွဲ့ရရှိသူ ငါးဦး၊ အင်ဂျင်နီယာပညာ သင်ကြားရေး ဒီပလိုမာဘွဲ့ရရှိသူ ၁၄၉ ဦး၊ အင်ဂျင်နီယာဘွဲ့လွန် ဒီပလိုမာဘွဲ့ရရှိသူ ၅၄၄ ဦး၊ မဟာအင်ဂျင်နီယာဘွဲ့ရရှိသူ ၆၄၇ ဦးနှင့် အင်ဂျင်နီယာပါရဂူဘွဲ့ရရှိသူ ၁၇၆ ဦးတို့ကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ဂုဏ်ထူးဆောင်အင်ဂျင်နီယာ ပါရဂူဘွဲ့ရရှိသူ နှစ်ဦးကိုလည်း ဘွဲ့များ အပ်နှင်းပေးနိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


