နေပြည်တော် ၂၅  ဖေဖော်ဝါရီ 

 

တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/ SSA) အဖွဲ့တို့သည် ယနေ့တွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်၊ ပေါင်းလောင်း ရိပ်သာ၌ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ကြသည်။

 

ထိုသို့တွေ့ဆုံရာတွင် နှစ်ဖက်တွေ့ဆုံညှိနှိုင်းမှုတိုးမြင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများလျော့ချရေးနှင့် ပဋိပက္ခ ဖြစ်စဉ်များ လျော့ချနိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လက်ရှိငြိမ်းချမ်းရေး လမ်းကြောင်းတွင် ဆက်လက်ပါဝင်နိုင်ရေးတို့နှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးကြသည်။

 

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ တက်ရောက်ကြပြီး ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA) အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ စပ်ခွန်ဆိုင် ဦးဆောင်သော ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။


 
(သတင်းစဉ်)