နေပြည်တော် ဒီဇင်ဘာ ၇

 

တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ ပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့နယ်အတွင်းရှိ ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ များအား နိုဝင်ဘာ ၁၈ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ အမှတ် (၂)ရေတပ်ဆိပ်ခံတံတား(သီလဝါ)သို့ ပြန်လည် ရောက်ရှိလာရာ သန်လျင်တပ်နယ်မှ ဗိုလ်မှူးချုပ် သိန်းထူး ဦးဆောင်သော တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။

 

အဆိုပါ တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)မှ အထူးကုဆေးအဖွဲ့များသည် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်အနီးတစ်ဝိုက်ဒေသများနှင့် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့နှင့်ချောင်းဝကျေးရွာ၊ ကျုံကူးကျေးရွာ၊ အနီးဝန်းကျင်ကျေးရွာများ၊ ငရုတ်ကောင်းမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဆောင်ရွက်ပေးမှုအနေဖြင့် ဆေးကုသမှုဆိုင်ရာရောဂါ ၁၈၃၁ ဦး၊ ခွဲစိတ်ရောဂါ ၆၉၇ ဦး၊ သားဖွားမီးယပ်ရောဂါ ၂၃၀၊ ကလေး ရောဂါ ၃၈၃ ဦး၊ အရိုးရောဂါ ၁၀၉၂ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၄၀၀၊ မျက်စိရောဂါ ၁၂၉၅ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၉၄၄ ဦး စုစုပေါင်း ဒေသခံပြည်သူ ၆၈၃၆ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက် အထွေထွေ ခွဲစိတ်လူနာ ၈၈ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၄၅ ဦးတို့ကို ဆေးရုံရေယာဉ်ပေါ်တွင် ခွဲစိတ်ကုသမှုများဆောင်ရွက်ပေးခဲ့သည်။

 

ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၁၆၀၊ အာထရာဆောင်း ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၈၃၂ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၆၃၄ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄၆၆ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကာ ကိုယ်ဝန်ဆောင်မိခင် ငါးဦးအား အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သော ဒေသခံပြည်သူသုံးဦးတို့ကိုလည်း သက်ဆိုင်ရာမြို့နယ် အသီးသီးရှိ တပ်မတော်ဆေးရုံများနှင့် ပြည်သူ့ဆေးရုံများသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့သည်။

 

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)ဖြင့် ၂၀၁၆ ခုနှစ်မှစ၍ မြန်မာ့ပင်လယ် ကမ်းရိုးတန်းဒေသများနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယခုခရီးစဉ်သည် (၁၉)ကြိမ်မြောက်ဖြစ်ပြီး ဒေသခံပြည်သူ စုစုပေါင်း ၁၇၀၄၈၂ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့သည့် ခရီးစဉ်များအတွင်း ကိုယ်ဝန်ဆောင် မိခင် ၂၇ ဦးတို့အား အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်