နေပြည်တော် ဒီဇင်ဘာ ၁၅

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်၊ အမျိုးသမီးသူနာပြုနှင့် ဆေးဘက် ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ် (၁၀) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ကိုယ်စားနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာ သရေစည်သူ စိုးဝင်း တက်ရောက် မိန့်ခွန်းပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)နှင့်အတူ ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိ ကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ရန်ကုန်တပ်နယ်မှ တာဝန်ရှိသူများ၊ ကျောင်းဆင်း သင်တန်းသား သင်တန်းသူများ၏ မိဘအုပ်ထိန်းသူများ၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်စာပေဌာနနှင့် လေ့ကျင့်ရေးဌာနတို့မှ နည်းပြအရာရှိများနှင့် ဆရာ ဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာ သရေစည်သူ စိုးဝင်းက သင်တန်းဆင်းတပ်ခွဲများ၏ အလေးပြုခြင်း ကိုခံယူပြီး အလံတော်အဖွဲ့နှင့် ကျောင်းဆင်း တပ်ခွဲများအား စစ်ဆေးသည်။ ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ကျောင်းဆင်းတပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းသည် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ် (၁၀) မှ အကောင်းဆုံးသင်တန်းသူ ဆုရရှိသူ သင်တန်းသူ ခိုင်စံပယ်မျိုး၊ လေ့ကျင့်ရေး ထူးချွန်ဆုရရှိသူ သင်တန်းသူ ရီရီမြင့်နှင့် စာပေထူးချွန်ဆုရရှိသူ သင်တန်းသူ သင်းသင်းသီရိတို့အား ဆုများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းက မိန့်ခွန်းပြောကြားရာတွင် တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်၏ ရည်ရွယ်ချက်ဖြစ်သည့် “ဒို့တာဝန်အရေး သုံးပါးကို ကာကွယ်မည့် အမျိုးသား တပ်မတော်အတွက် လိုအပ်သော လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသော သူနာပြုများ၊ ဆေးဝါးကျွမ်းကျင်သူများနှင့် ဆေးဘက်ပညာသည်များ မွေးထုတ်ပေးရန်” ဆိုသည်နှင့်အညီ စဉ်ဆက်မပြတ် လေ့ကျင့်မွေးထုတ်ပေးလျက်ရှိရာတွင် “သူရ၊ ပညာ၊ ကျွမ်းကျင်” ဆိုသည့် ဆောင်ပုဒ်အတိုင်း သူရသတ္တိနှင့် ပြည့်စုံပြီး လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသည့် “ကျွမ်းကျင်၊ ကူညီ၊ ဆေးစစ်သည်” များအဖြစ် ယနေ့ သင်တန်းဆင်းကြသူများ အပါအဝင် ဘွဲ့ကြို၊ ဘွဲ့လွန်၊ ဒီပလိုမာ လက်မှတ်ရသူစုစုပေါင်း ၅၆၉၂ ဦး ကို လေ့ကျင့်မွေးထုတ်ခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ကျောင်းဆင်း သင်တန်းသူများအနေဖြင့် စစ်ပညာပိုင်းတွင် တပ်စုမှူးအဆင့်၊ ဆေးပညာပိုင်းတွင် စစ်မြေပြင် သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ အကာအကွယ်ပေးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်သည်အထိ စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့ပြီးဖြစ်၍ သူနာပြု အဓိဋ္ဌာန် ကတိသစ္စာ(၉)ချက်ကို တည်ကြည် ဖြောင့်မတ်စွာ စောင့်ထိန်းပြီး တပ်မတော်နှင့် ပြည်သူအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို စေတနာ၊ မေတ္တာ အရင်းခံဖြင့် ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။

တပ်မတော် ဆေးဝန်ထမ်း တပ်ဖွဲ့သည် လွတ်လပ်ရေး ကြိုးပမ်းမှုကာလ ကတည်းကပင် ယှဉ်တွဲသန္ဓေတည်ပေါက်ဖွားလာခဲ့ခြင်းဖြစ်ကြောင်း၊ လွတ်လပ်ရေး ကြိုးပမ်းမှုကာလတွင် ဗမာ့ လွတ်လပ်ရေးတပ်မတော် (BIA) ချီတက်ရာ ခရီးတစ်လျှောက် ထားဝယ်စစ်ကြောင်းမှစ၍ ဦးစွာ လိုက်ပါလာခဲ့သည်မှာ သူနာပြုတပ်ဖွဲ့ပင်ဖြစ်ကြောင်း၊ လွတ်လပ်ရေးရရှိပြီး ပြည်တွင်းသောင်းကျန်းမှုကာလ၏ သမိုင်းခရီးတွင် သူနာပြု အရာရှိ၊ စစ်သည်များအနေဖြင့် စစ်မြေပြင် ဆေးအကာအကွယ်ပေးရေးလုပ်ငန်းစဉ်များတွင် ထူးခြားပြောင်မြောက်စွာ ထမ်းဆောင်နိုင်ခဲ့သဖြင့် ဖလောရင့် နိုက်တင်ဂေးဆုအပြင် ထိုကာလကစစ်သေနာပတိ၏ ဂုဏ်ထူးဆောင်လက်မှတ်များ ချီးမြှင့်ခံရသည်အထိ သူနာပြု အရာရှိ၊ စစ်သည်များ၏ သမိုင်း မှတ်တမ်းကောင်းများကို တွေ့ရှိရမည်ဖြစ်ကြောင်း။

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၏ သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုပါက ၁၉၅၉ ခုနှစ် စစ်သူနာပြု သင်တန်းတပ်ဆွယ်တွင် အမျိုးသမီး စစ်သူနာပြုအရာရှိသင်တန်းကို အမှတ်စဉ်(၁)မှ အမှတ်စဉ်(၁၆)အထိ ဖွင့်လှစ်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် သူနာပြုသိပ္ပံဘွဲ့ အမျိုးသမီး ဗိုလ်လောင်းသင်တန်းကို အမှတ်စဉ်(၁)မှ အမှတ်စဉ်(၄)အထိ တပ်မတော်ဆေးတက္ကသိုလ်တွင် ဖွင့်လှစ်လေ့ကျင့်ပေးနိုင်ခဲ့ကြောင်း၊ ၂၀၀၀ ပြည့်နှစ်တွင် တပ်မတော်သူနာပြုတက္ကသိုလ်ကို စတင်ဖွင့်လှစ်ကာ အမျိုးသား၊ အမျိုးသမီးများကိုပါ သူနာပြုသိပ္ပံ ဘွဲ့သင်တန်းများ တက်ရောက်စေခဲ့ကြောင်း၊ ၂၀၀၂ ခုနှစ် နိုဝင်ဘာ ၂၀ ရက်တွင် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ပြီး ဆေးဝါးကျွမ်းကျင်သူ၊ ဓာတ်ခွဲ နည်းပညာကျွမ်းကျင်သူ၊ ဓာတ်မှန်နှင့် ပုံရိပ်ဖော်နည်းပညာကျွမ်းကျင်သူနှင့် ခန္ဓာသန်စွမ်းမှု နည်းပညာ ကျွမ်းကျင်သူ ပညာရှင်များကို တိုးချဲ့မွေးထုတ်နိုင်ခဲ့ကြောင်း။

သင်တန်းဆင်းပြီး လက်တွေ့နယ်ပယ်တွင် သတ်မှတ်ကာလ တာဝန်ထမ်းဆောင်ပြီးပါက ပြန်တမ်းဝင်အရာရှိများအဖြစ် ခန့်အပ်တာဝန်ပေးအပ်သကဲ့သို့ အရည်အချင်း ပြည့်မီသူများကို စိစစ်ရွေးချယ်ကာ မဟာဘွဲ့သင်တန်းများ၊ ပါရဂူဘွဲ့သင်တန်းများနှင့် ဒီပလိုမာသင်တန်းများကို ဆက်လက်တက်ရောက် စေလျက်ရှိကြောင်း၊ ထို့ပြင် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်အနေဖြင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် ပြည်ပနိုင်ငံအချို့၌ ရှိသည့် သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ တက္ကသိုလ်များတွင် ပါရဂူဘွဲ့၊ မဟာသိပ္ပံဘွဲ့နှင့် ဒီပလိုမာဘွဲ့ များအတွက် စေလွှတ်တက်ရောက်ခဲ့ပြီး တပ်မတော်၏ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာကဏ္ဍကို ပိုမိုမြင့်မားအောင် အရှိန်အဟုန်မပြတ် လေ့ကျင့်ဆောင်ရွက်ပေး လျက်ရှိကြောင်း။

ထို့ကြောင့် အဆိုပါအတိတ် သမိုင်းမှတ်တမ်းကောင်းများကို စံနမူနာယူပြီး တပ်မတော်သူနာပြု နှင့် ဆေးဘက်ပညာတက္ကသိုလ်၏ သမိုင်းအသစ်တွင် ထူးချွန်ပြောင်မြောက်သည့် သူနာပြု၊ ဆေးဝါးကျွမ်းကျင်သူနှင့်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာသည်များအဖြစ် ဆက်လက်ကမ္ပည်းထိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်မှာကြားလိုကြောင်း၊ တပ်မတော် က လေ့ကျင့်မွေးထုတ်ပေးလိုက်သည့် တပ်မတော်သူနာပြု၊ ဆေးဝါးကျွမ်းကျင်သူနှင့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာသည်များသည် ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍတွင် မရှိမဖြစ်လိုအပ်သည့် အရေးပါသူများဖြစ်ကြောင်း၊ သူနာပြုစုခြင်းသည် ရောဂါဝေဒနာခံစားနေရ သည့် လူတစ်ဦးကို ကျန်းမာအောင် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး မကျန်းမာသူတစ်ဦး၏ ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် လူမှုရေးပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းအပြင် လူနာ၏ နာကျင်မှုနှင့် ဝေဒနာခံစားနေရမှုကို သက်သာစေရန် ပြုစုကုသ ပေးခြင်းလည်းဖြစ်ကြောင်း။

ကျွမ်းကျင်သည့် သူနာပြုစု စောင့်ရှောက်မှုသည် ကျန်းမာရေး မကောင်းသည့်လူနာနှင့် မိသားစု ဝင်များ၏ ရုပ်ပိုင်းဆိုင်ရာပြုစု ကုသမှုကို လုပ်ဆောင်ပေးနိုင်ကြသကဲ့သို့ ရောဂါဝေဒနာကြောင့် ဖြစ်ပေါ်လာသည့် စိတ်ဖိစီးမှုများ လျော့ပါးသွားစေအောင်လည်း ဆောင်ရွက်ပေးနိုင်ကြောင်း၊ သူနာပြုများသည် လူနာ၏ ကျန်းမာရေး အခြေအနေ အဆင့်ဆင့်များတွင် စောင့်ရှောက် မှုပေးသူ၊ စည်းရုံးညှိနှိုင်းသူနှင့် စိတ်ခံစားမှု စာနာနှစ်သိမ့်သူအဖြစ်လည်း ဆောင်ရွက်ကြရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ကျန်းမာရေး မြှင့်တင်မှု လုပ်ငန်းစဉ်များတွင် အသွင်သဏ္ဌာန်မျိုးစုံဖြင့် ပါဝင်နေကြခြင်းဖြစ်၍ သူနာပြု စိတ်ဓာတ်၏ အခြေခံဖြစ်သည့် “ဝါသနာ၊ စေတနာ၊ အကြင်နာ၊ အနစ်နာ၊ နမူနာ”ဆိုသည့် နာ ၅နာ နှင့်အညီ လူနာများအပေါ် စေတနာမေတ္တာထား ပြုစုကုသသွားကြရန် မှာကြားလိုကြောင်း။

ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများသည် သက်ဆိုင်ရာ ကျွမ်းကျင်မှု နယ်ပယ်အလိုက် လူနာ၏ ကျန်းမာရေးကုသစောင့်ရှောက်မှုတွင် ပံ့ပိုးကူညီသူများဖြစ်ပြီး ရောဂါရှာဖွေရေးနှင့် အကဲဖြတ်ရာ တွင် ပါဝင်ဆောင်ရွက်ပေးကြရခြင်းဖြစ်ကြေင်း၊ ဆေးဝါးများ ထိန်းသိမ်းခြင်းနှင့် လူနာလက်ဝယ် သို့ မပျက်မစီး မှန်မှန်ကန်ကန် ရောက်ရှိအောင် ဆောင်ရွက်ပေးခြင်း၊ လူနာများ၏ စိတ်ဓာတ်ပိုင်း ဆိုင်ရာ၊ ခန္ဓာပိုင်းဆိုင်ရာ ကြံ့ခိုင်သန်စွမ်းလာစေရန်တို့ကိုလည်း ဆောင်ရွက်ပေးရကြောင်း၊ ထို့ပြင် လူမှုစီးပွားဘဝ ပြန်လည်ဖွံ့ဖြိုးလာစေရန် ထောက်ကူဖေးမပြုစု ကုသခြင်း စသည့် ကျန်းမာရေး စောင့်ရှောက်မြှင့်တင်မှု လုပ်ငန်းစဉ်များသည် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများ၏ လုပ်ငန်းတာဝန်များ ဖြစ်သောကြောင့် ကျန်းမာရေး စောင့်ရှောက်မှုစနစ်၏ အောင်မြင်မှုသည် ဆရာဝန်၊ သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများ၏ ပူးပေါင်း ဆောင်ရွက်နိုင်မှုအပေါ် များစွာမူတည်နေကြောင်း။

ထို့ကြောင့် တပ်မတော်သားများ၊ မိသားစုဝင်များနှင့် တိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများတွင် မိမိတို့ တတ်စွမ်းသမျှသော သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ ပညာရပ်များ အစွမ်းကုန်အသုံးချပြီး ပြုစုစောင့်ရှောက်ပေးသွားကြရန် အလေးအနက်ထား မှာကြားလိုကြောင်း။

ခေတ်မီဆေးဝါး အတတ်ပညာများ မပေါ်ပေါက်မီ ကမ္ဘာ့နိုင်ငံ အသီးသီးရှိ လူ့အဖွဲ့အစည်းများ တွင် ကျန်းမာရေးအတွက် ရိုးရာဆေးပညာကုထုံးများနှင့် ဆေးဝါးများကိုသာ အားကိုးအားထားပြု သုံးစွဲခဲ့ကြရကြောင်း၊ မြန်မာ့သမိုင်းစဉ် တစ်လျှောက်တွင် ပြည်သူလူထု၏ ကျန်းမာရေးကို မြန်မာ့တိုင်းရင်းဆေးပညာ၊ တိုင်းရင်းဆေးဝါးများနှင့် ထိထိရောက်ရောက် စောင့်ရှောက်ကုသမှုပေးခဲ့ကြသည့် အစဉ်အလာများကို သမိုင်းမှတ်တမ်းများ၊ ခေတ်အဆက်ဆက် ရေးသားခဲ့သည့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ပေ၊ ပုရပိုက်များ၊ စာပေ ကျမ်းဂန်များမှတစ်ဆင့် သိရှိနိုင်ကြောင်း။

နိုင်ငံတော်ကလည်းကျန်းမာရေးစောင့်ရှောက်မှုများတွင် တိုင်းရင်းဆေးပညာဖြင့် ပါဝင်အားဖြည့် နိုင်ရန်အတွက် တိုင်းရင်းဆေး ကဏ္ဍကို အလေးအနက်ထားပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ မြန်မာ့တိုင်းရင်းဆေး ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်း ဆောင်ရွက်ရာတွင် ဆေးဝါးကျွမ်းကျင် ဘာသာရပ်သည် ဆေးဝါးအရည်အသွေး၊ သုတေသနနှင့် လူ့စွမ်းအားအရင်းအမြစ် စသည့် အဓိကအချက်များကို ပံ့ပိုးပေးသော အချက်အချာ နယ်ပယ်တစ်ခုဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း။

ဆေးဝါးဖော်စပ်ထုတ်လုပ်ရာတွင် စက်ပစ္စည်းကိရိယာများကို ကျွမ်းကျင်စွာ ကိုင်တွယ်တတ်ရန်၊ ပါဝင်သည့် ကုန်ကြမ်းနှင့် ဆေးဝါးများ ထိန်းသိမ်းတတ်ရန်၊ စံချိန်စံညွှန်း သတ်မှတ်ချက်များနှင့် ကိုက်ညီစေရန်၊ ဆေးဘက်ဝင်မှုအပေါ် သိပ္ပံနည်းကျသက်သေပြနိုင်ရန်၊ သုတေသနပြုမှုနှင့် အရည်အသွေးပြည့်ဝသည့် တိုင်းရင်းဆေး ပညာရှင်များ မွေးထုတ်ပေးနိုင်ရန်မှာ ဆေးဝါးကျွမ်းကျင် ပညာရှင်များ၏ လုပ်ငန်းတာဝန်ဖြစ်ကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် အဓိကကျသည့် အချက်သည် ကျန်းမာသန်စွမ်းသည့် လူသားအရင်း အမြစ်များ၏ စွမ်းအားပင်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားပြည်သူ များ၏ ကျန်းမာရေးအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် စဉ်ဆက်မပြတ် အားပေး ဆောင်ရွက်နေသည်မှာ အားလုံး အသိပင်ဖြစ်ကြောင်း။

“ကျန်းမာရေးသည် အဓိက၊ ကျန်းမာမှ ပညာသင်ကြားနိုင်မည်၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်” ဆိုသည့်အတိုင်း ပြည်သူလူထု၏ ကျန်းမာရေး အဆင့်အတန်း တိုးတက်မြင့်မားလာစေရေးနှင့် မျှော်မှန်းသက်တမ်း မြင့်မားလာစေရေးအတွက် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုများကို တိုးမြှင့် ဆောင်ရွက်ပေးနိုင်ရန် ကျန်းမာသော လူ့စွမ်းအားအရင်းအမြစ်များ လုံလုံလောက်လောက် လေ့ကျင့်မွေးထုတ်ပြီး နိုင်ငံတစ်ဝန်းတွင်ရှိသည့် ပြည်သူများ၊ တပ်မတော် သားများနှင့် မိသားစုဝင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး လုပ်ဆောင်သွားကြရမည် ဖြစ်ကြောင်း။

ပြည်သူ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ရောဂါမဖြစ် ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် ရောဂါဖြစ်ပွားလာပါက အရည် အသွေးပြည့်ဝသည့် ဆေးဝါးကုသမှုပေးနိုင်ရေး လုပ်ငန်းများကို မိမိတို့နိုင်ငံ၏ အရင်းအမြစ်များ အပေါ်မူတည်ပြီး ထိရောက်သည့် မူဝါဒများ၊ စီမံချက်များရေးဆွဲ အကောင်အထည်ဖော်လျက်ရှိ ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် လူတိုင်းလက်လှမ်းမီပြီး အရည်အသွေး ပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပြည်သူလူထု၏ ကိုယ်ပိုင်ငွေကြေးကုန်ကျရမှု အနည်းဆုံး သက်သာစွာဖြင့် ရရှိစေရေး အစွမ်းကုန် ကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ပြည်သူ လူထု ကျန်းမာရေးစောင့်ရှောက်မှုကို တစ်တပ်တစ်အား ဖြည့်ဆည်းဆောင်ရွက်သည့်နေရာတွင် အရေ အတွက်သာမက အရည်အချင်းနှင့် အဘက်ဘက်မှ ပြည့်စုံသည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် သူနာပြု ကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။

တပ်မတော်သားများသည် နိုင်ငံတော်ကာကွယ်ရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် များကို ကာကွယ်စောင့်ရှောက်ပေးရန် အသက်နှင့် ခန္ဓာကိုပေးဆပ်ရန် သန္နိဋ္ဌာန်ပြုထားသူများဖြစ်၍ စိတ်ဓာတ်၊ စည်းကမ်း၊ သစ္စာ၊ စည်းလုံးမှု၊ စွမ်းရည်သုံးရပ် ပြည့်စုံမှု ဆိုသည့် အခြေခံအရည်အချင်းငါးပါးနှင့် ပြည့်စုံရေးသည် တပ်မတော်သားကောင်း တစ်ယောက်ဖြစ်ရန် အရေးကြီးဆုံးပင် ဖြစ်ကြောင်း၊ တပ်မတော်သားကောင်း တစ်ယောက် ဖြစ်ရန်အတွက် ထုတ်ပြန်ထားသည့် စစ်သည်တော် ကျင့်ဝတ် အပါး(၆၀)အတိုင်း လိုက်နာကျင့်ကြံခြင်း၊ တပ်မတော်၏ အစဉ်အလာကောင်း(၁၂) ရပ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းများသည် အခြေခံအကြောင်း တရားများပင် ဖြစ်ကြောင်း၊ ထိုကဲ့သို့ အခြေခံအကြောင်းတရားများကို လိုက်နာကျင့်ကြံရင်း တပ်မတော်သားဘဝ တစ်လျှောက် ခိုင်ခိုင်မာမာ ရပ်တည်လျှောက်လှမ်းသွားမည်ဆိုပါက အခြေခံ အရည်အချင်းများနှင့် ပြည့်စုံသည့် တပ်မတော်သားကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း။

ထို့ပြင် တပ်မတော်သား ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များဖြစ်သည်နှင့်အညီ သူနာပြုစိတ်ဓာတ် (The Spirit of Nursing)ကိုလည်း ခိုင်ခိုင်မာမာ မွေးမြူသွားကြရမည် ဖြစ်ကြောင်း၊ ဆေးသိပ္ပံပညာရပ် သည် ခက်ခဲသည့်ပညာရပ်တစ်ခုဖြစ်သဖြင့် ယင်းပညာရပ်များကို အခြေခံပြီး အဓိက တပ်မတော် သားများ၊ တပ်မတော်သား မိသားစုဝင်များအပြင် တစ်ဖက်တစ်လမ်းကလည်း ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ရာနှုန်းပြည့် လွှမ်းခြုံနိုင်အောင် ကြိုးစားကြရန် လိုအပ်ကြောင်း၊ လက်တွေ့နယ်ပယ်တွင် ကြုံတွေ့လာရမည့် အတွေ့အကြုံ အသစ်များနှင့် မိမိတို့တတ်ကျွမ်းထားသည့် ဆေးပညာရပ်များ ပေါင်းစပ်ပြီး ပိုမိုမြင့်မားသည့် ဆေးပညာရပ်များ၊ ကုသမှုနှင့် ပြုစုမှုစနစ်ကောင်းများ ပိုင်ဆိုင်နိုင်အောင် ဆက်လက်ပြီး လေ့လာ၊ လေ့ကျင့်၊ လိုက်နာဆောင်ရွက်မှုများကို မလွဲမသွေ ကြိုးစားသွားကြရမည်ဖြစ်ကြောင်း၊ လက်တွေ့နယ်ပယ်တွင် တာဝန်ထမ်းဆောင်ရင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများမှာ သာမက တပ်မတော်က တရားသဖြင့် ပေးအပ်လာမည့် သီးခြားတာဝန်များကိုလည်း ကျေပွန်စွာ ထမ်းဆောင်သွားကြရန် လိုအပ်ကြောင်း။

ယနေ့ကမ္ဘာ၏ကဏ္ဍစုံတွင် AI အပါအဝင် နည်းပညာဖွံ့ဖြိုးတိုးတက်လာမှု အရှိန်အဟုန် မြင့်မားလာသည်ကို တွေ့မြင်ကြမည်ဖြစ်ကြောင်း၊ ထိုသို့ ဖွံ့ဖြိုးတိုးတက်လာသည့် နည်းပညာများကို အခွင့်ကောင်းယူပြီး သတင်းအချက်အလက် စစ်ဆင်ရေးကို နိုင်ငံရေး၊ စစ်ရေးအပြင် အခြားကဏ္ဍများတွင် စစ်ဆင်လာသည်ကို တွေ့မြင်နေရကြောင်း၊ ပြည်တွင်း၊ ပြည်ပ အဖျက်အမှောင့်သမားများ၏ သတင်းအချက်အလက် စစ်ဆင်ရေးသည် လူတန်းစား အလွှာအသီးသီးတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုနေသည့် Social Network များက တစ်ဆင့် ဦးတည်ဝင်ရောက်နေခြင်းပင်ဖြစ်ကြောင်း။

သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ဆိုးကျိုးအဖြစ် ယှဉ်တွဲဝင်ရောက်လာခဲ့သည့် သတင်းတု၊ သတင်းမှားများ၏ အန္တရာယ်ကိုလည်း ကိုယ်တိုင်သိမြင်နိုင်အောင် ကြိုးစားကြရမည် ဖြစ်ကြောင်း၊ အချို့သော ဒေသများတွင် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ များသည် အသိပညာနည်းပါးသည့် လူငယ်လူရွယ်များကို အသုံးပြုပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး နှင့် ပြည်သူအများ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးများကို နှောင့်ယှက်ဖျက်ဆီးမှုများ ပြုလုပ်နေကြသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ အကြမ်းဖက်သမားများ၏ ကြိုးကိုင် မှုများမှတစ်ဆင့် အသိပညာနည်းပါးသည့် လူငယ်လူရွယ်များ အသုံးချခံနေရခြင်းသည် အနာဂတ် တိုင်းပြည်အတွက် လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးနစ်နာမှုများပင်ဖြစ်ကြောင်း။

ထို့ကြောင့် သတင်းနှင့် နည်းပညာပိုင်းဆိုင်ရာ အတတ်ပညာများကို တစ်ဖက်တစ်လမ်းက နားလည်အောင် လေ့လာဆည်းပူးပြီး နိုင်ငံတော်ပြိုကွဲအောင်၊ တပ်မတော်ပြိုကွဲအောင်နှင့် မိမိအဖွဲ့အစည်း၊ မိမိ မိသားစုအတွင်း အထင်အမြင်၊ အယူအဆလွဲမှားစေသည့် သတင်းတု၊သတင်းမှားများကို မိမိတို့၏ အသိပညာ၊ ဉာဏ်ပညာများနှင့် စဉ်းစားသုံးသပ်ပြီး မှန်ကန်သည့် အကြောင်းအရာများကိုသာ ဆုံးဖြတ်လုပ်ကိုင်သွားကြရန်နှင့် ယင်းပညာရပ်များမှ တစ်ဆင့် မိမိတို့၏ အသက်မွေး ဝမ်းကျောင်းလုပ်ငန်း ပိုမိုတိုးတက် မြင့်မားကျွမ်းကျင်သည့် သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများ၊ ဆေးဘက်ပညာသည်များဖြစ်အောင် ကြိုးပမ်းကြရန် မှာကြားလိုကြောင်း။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက် (၄)ရပ် နောက်ဆုံးအချက်တွင် “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူလူထု တစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင် ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး”ဆိုသည့် အတိုင်း တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး ရည်မှန်းထားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရန်အတွက် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးသည် အရေးကြီးသည့် လုပ်ငန်းစဉ် တစ်ရပ်ဖြစ်ကြောင်း။

ထိုသို့ အောင်မြင်သည့် ရွေးကောက်ပွဲဖြစ်ရန်အတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး မဲပေးခွင့်ရှိအောင် စီစဉ်ဆောင်ရွက်ပေးထားသကဲ့သို့ ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်ရန်နှင့် မဲမသမာမှု လုံးဝမဖြစ်စေရေး Myanmar Electronic Voting Machine-MEVM အသုံးပြုမဲပေး နိုင်စေရေး စီမံဆောင်ရွက်ထားပြီးဖြစ်သည့်အပြင် နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာ သူများကိုလည်း ဖိတ်ခေါ်ထားပြီး ဖြစ်ကြောင်း၊ မိမိနိုင်ငံ၏ တည်ငြိမ် အေးချမ်းရေးနှင့် ဒီမိုကရေစီကျင့်သုံးမှု ပိုမိုတိုးတက်ဖွံ့ဖြိုးရေးကိုလိုလားသည့် မိတ်ဖက်နိုင်ငံများ သည် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ထောက်ခံအားပေးခဲ့ကြသကဲ့သို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များကိုလည်း စေလွှတ်ပေးသွားမည်ဟု သိရှိရကြောင်း။

ထို့ပြင် ပြည်တွင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများအတွက် ဆောင်ရွက်ရမည့်လုပ်ငန်း စဉ်နှင့် ကျင့်ဝတ်များကို ထုတ်ပြန်ပေးခဲ့ပြီး မြန်မာနိုင်ငံ သတင်းမီဒီယာများအတွက် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ လမ်းညွှန်ကိုလည်း ထုတ်ပြန်ပေးထားပြီး ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ပေးထားခြင်းသည် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲတွင် ပွင့်လင်းမြင်သာမှုနှင့် လွတ်လပ်၍ တရားမျှတမှုရှိကြောင်းကို နိုင်ငံတကာနှင့် ပြည်တွင်းလေ့လာ စောင့်ကြည့်ရေး အဖွဲ့များက လေ့လာစောင့်ကြည့်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားခြင်းပင်ဖြစ်ကြောင်း။

ရွေးကောက်ပွဲသည် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး လိုလားသည့် ဒီမိုကရေစီခရီး၏အရေးကြီးသော ပထမလုပ်ငန်းစဉ်ဖြစ်၍ ရွေးကောက်ပွဲမအောင်မြင်စေရန်၊ မဖြစ်မြောက်စေရန် ကြိုးပမ်းဆောင်ရွက်မှု မှန်သမျှသည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ ဆန္ဒကို ဖျက်ဆီးခြင်းဖြစ်သည့်အတွက် ရွေးကောက်ပွဲကို နှောင့်ယှက်လာမည့် အဖျက် အမှောင့်မှန်သမျှကိုလည်း ပြည်သူလူထုအားလုံးနှင့် ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန် လိုအပ် ကြောင်း။

တပ်မတော်အနေဖြင့် နိုင်ငံ့တာဝန်များကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခေတ္တတာဝန်ယူထမ်းဆောင်ခဲ့ရခြင်းဖြစ်၍ ရွေးကောက်ပွဲ ကျင်းပပြီးစီးပါက ပေါ်ထွန်းလာမည့် ရွေးကောက်ခံအစိုးရထံ နိုင်ငံတော်တာဝန်များကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ လွှဲအပ်ပေးသွား မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လွတ်လပ်ပြီး တရားမျှတမှုရှိသည့် ရွေးကောက်ပွဲကို သတ်မှတ်ကာလအတွင်း အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းစဉ်များ၌ ကျရာကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် အလေးအနက်ထား မှာကြားလိုကြောင်း။

ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်မည့် အမျိုးသားတပ်မတော်အတွက် လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသော တပ်မတော်သား သူနာပြုများ၊ ဆေးဝါးကျွမ်းကျင်သူများနှင့် ဆေးဘက် ပညာသည်များဖြစ်အောင် အစဉ်တစိုက် ကြိုးပမ်းထမ်းရွက်သွားကြရန်၊ စစ်သည် တော်ကျင့်ဝတ်နှင့် ဆေးပညာ ကတိသစ္စာများကို တစ်သဝေ မတိမ်းလိုက်နာပြီး တပ်မတော် သား သူနာပြုတပ်ဖွဲ့ဝင်ကောင်းများဖြစ်အောင် စဉ်ဆက်မပြတ် ကြိုးစားသွားကြရန်၊ ခေတ်နှင့် အညီ တိုးတက်ပြောင်းလဲနေသည့် ဆေးသိပ္ပံပညာရပ်များကို လေ့လာဆည်းပူးပြီး ပိုမိုကျွမ်းကျင်သည့် ဆေးသိပ္ပံပညာရှင်များဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ သူနာပြုတပ်ဖွဲ့ဝင်ကောင်း ဘဝများကို လေးစားတန်ဖိုးထားပြီး ကောင်းမွန်သည့် ကြိုးစား အားထုတ်မှုများနှင့် တာဝန်ကျရာ နေရာဒေသအသီးသီးတွင် မိမိ၏ဂုဏ်၊ တပ်ဖွဲ့၏ဂုဏ်၊ တပ်မတော်၏ဂုဏ်နှင့် နိုင်ငံတော်၏ဂုဏ်တို့ကို မြှင့်တင်နိုင်သူများဖြစ်အောင် ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာ သရေစည်သူ စိုးဝင်းသည် ကျောင်းဆင်းတပ်ခွဲများ၏အလေး ပြုခြင်းကိုခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။ စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာ သရေစည်သူ စိုးဝင်းနှင့် အဖွဲ့ဝင်များသည် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်ကျောင်း ဌာနချုပ်ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် သင်တန်းသူများအား တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။

ညပိုင်းတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်း အမှတ်စဉ်(၁၀) သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ပြီး သင်တန်းဆင်း သူနာပြုများ၊ ညစာစားပွဲ တက်ရောက်လာကြ သူများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။

ညစာ သုံးဆောင်အပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင် များသည် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ် ဂုဏ်ပြုစစ်တီးဝိုင်း၏ ဂုဏ်ပြု တီးမှုတ်မှုအား ကြည့်ရှုအားပေးပြီး ချီးမြှင့်ငွေများ ပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင် များသည် ကျောင်းဆင်းသူနာပြုများနှင့်အတူ သဘင်ဆောင်၌ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့၏ ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်