တရားမျှတ လွတ်လပ်ခြင်းနှင့်မသွေ..

၄  ဇန်နဝါရီ

မြန်မာနိုင်ငံ လွတ်လပ်ရေးရသည်မှာ ၇၃ နှစ်ရှိပြီ။

ယင်းလွတ်လပ်ရေးသည် မိမိအပါအဝင် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးတစ်ရပ်လုံး တိုင်းတစ်ပါးသား၏ လက်အောက်တွင် ကျွန်ဖြစ်နေရသည်ကို မခံမရပ်နိုင်ကြသော နိုင်ငံချစ်သူ မြန်မာပြည်သူလူထု၏ စွန့်လွှတ်စွန့်စားမှု အမျိုးမျိုးဖြင့် အသက်သွေးချွေး စတေးမှုများစွာကို ရင်းနှီးပေးဆပ်ကြပြီး ရရှိခဲ့သည့် လွတ်လပ်ရေး ဖြစ်သည်။

စစ်လက်နက်အင်အား အဆမတန် ကွာခြားကြီးမားပြီး တစ်ကမ္ဘာလုံးပတ်ကာ နယ်ချဲ့ရယူထားသည့် လောဘသမားထံက ကိုယ့်နိုင်ငံကို ပြန်လည်ရယူရသည်ဆိုခြင်းမှာ လွယ်ကူသည်တော့ မဟုတ်ပါ။ လောဘကြီးလှသော၊ အင်အားကလည်း ကြီးမားလှသော နယ်ချဲ့သမားကလွယ်လင့်တကူ အလျှော့ပေး လက်လွှတ်မည် မဟုတ်ပါ။

ထက်မြက်ထူးချွန်သူ၊ ကိုယ်ကျိုးစွန့်အနစ်နာခံသူလွတ်လပ်ရေး ဗိသုကာကြီးဟု တင်စားကြရသည့် အမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ဆန်းနှင့်၊ အများအပြားသော နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၏ စုစည်းညီညွတ်မှုအင်အားနှင့် ရဲရင့်ပိုင်းဖြတ်သော စိတ်ဓာတ်တို့က မြန်မာ့လွတ်လပ်ရေးကို ရယူခဲ့ခြင်း ဖြစ်ပါသည်။

စစ်လက်နက် အင်အားကြီးသလောက် အလိုလောဘကြီးသော နယ်ချဲ့သမားကို စစ်ရေးအရရော၊ နိုင်ငံရေးအရရော၊ စိတ်ဓာတ်ရေးရာအရရော၊ သံတမန်ရေးအရရော ရင်ဆိုင်ခဲ့ကြရတာ ဖြစ်ပါသည်။ နိုင်ငံရေးခေါင်းဆောင်တို့သည် မျက်စိစုံမှိတ်ကာ ဆန့်ကျင်တော်လှန်ရပြီးရော၊ နယ်ချဲ့ အင်္ဂလိပ်ကို ဆန့်ကျင်ကြ၊ ဖက်ဆစ်ဂျပန်ကို တော်လှန်ကြဟူ၍ မည်းမည်းမြင်ရာ ဓားနှင့်ခုတ် အောင်မြင်ခဲ့ကြခြင်း မဟုတ်ပါ။

အမှန်တရားကို စွဲမြဲဆုပ်ကိုင်ပြီး၊ အမှန်တရားဆိုသည့် လမ်းကြောင်းပေါ်က စိုးစဉ်းငယ်မျှ မယွင်းစောင်းရစေဘဲ၊ လက်နက် ကိုင်ရမည့်အခိုက် လက်နက်ကို ရဲရဲကိုင်ရင်း၊ သံတမန်ရေးရာ ပြောဆိုရမည်ဆိုသည့်ခါ တည်တည်ငြိမ်ငြိမ်ဖြင့် မျက်နှာချင်းဆိုင် ရင်ဆိုင်ပြောဆိုရင်း လွတ်လပ်ရေးတည်းဟူသော ပန်းတိုင်သို့ တည့်တည့်ဖြောင့်ဖြောင့် လျှောက်လှမ်းရယူခဲ့ခြင်း ဖြစ်ပါသည်။

ဗြိတိသျှတို့ မြန်မာနိုင်ငံကို သိမ်းပိုက်ရယူသည်ဆိုရာတွင် ဘုရင်ကို ဖမ်းဆီးခေါ်ဆောင်သွားရုံမျှ မကပါ။ တစ်နိုင်ငံလုံး၏ အုပ်ချုပ်ရေးအာဏာကို ကျေးရွာများမှအစ မြို့နယ်များ၊ ခရိုင်များ အပါအဝင် တစ်နိုင်ငံလုံးကို ၎င်းတို့ခြေ၊ ၎င်းတို့လက် ဖြစ်အောင် ထိန်းကွပ်ခဲ့ခြင်းဖြစ်၏။ အဆင့်ဆင့် ဘုရားထူးကြ၊ အရှင်ကြီး၊ သခင်ကြီး ခေါ်ကြဟူ၍ လူရေးလူရာ လူ့သိက္ခာကိုပါ နှိမ်ချအညွန့်ချိုးခဲ့ကြခြင်းဖြစ်ပါသည်။ စီးပွားရေးရာ အဝဝဆိုသည်မှာလည်း နယ်ချဲ့အစိုးရနှင့် နယ်ချဲ့လက်ဝေခံတို့သာ အပိုင်စီးထားကြပါ၏။ မည်သို့သော သယံဇာတ အဝဝကိုမဆို တူးဖော်ထုတ်လုပ်ရန်၊ ခုတ်လှဲသယ်ယူရန် အားလုံးသည် နယ်ချဲ့တို့၏ လက်အောက် တွင်သာ ရှိခဲ့၏။

ကျွန်းသစ်၊ ဆန်စပါးလုပ်ငန်း၊ ရေနံနှင့် ဓာတ်သတ္တုတူးဖော် ရေးလုပ်ငန်း၊ ရွှေငွေ၊ ကျောက်သံပတ္တမြား အစရှိသည့် သယံဇာတ ဆိုင်ရာ အားလုံးကို အင်္ဂလိပ်အစိုးရ၊ အင်္ဂလိပ် စီးပွားရေးသမား လုပ်ငန်းရှင်ကြီးများသာ ထိန်းချုပ်အုပ်စီးထားခဲ့ခြင်းဖြစ်သည်။ အနှီးကဲ့သို့ နိုင်ငံရေးအရ၊ အုပ်ချုပ်ရေးအရ၊ စီးပွားရေးအရ အစစအရာရာမှာ နယ်ချဲ့သမားတို့က စိုးပိုင်ချုပ်ကိုင်ထားခဲ့သည်ကို မြန်မာလူမျိုးတို့လက်ထဲ ကျကျနန ပြန်လည်ရောက်ရှိရေးကို စွန့်လွှတ်စွန့်စားမှုများစွာဖြင့် ရင်းနှီးရယူခဲ့ရခြင်း ဖြစ်ပါသည်။

ယခုဆိုလျှင် မြန်မာ့လွတ်လပ်ရေး ရရှိခဲ့သည်မှာ ၇၃ နှစ်ရှိခဲ့ပြီ။ လွတ်လပ်ရေးအတွက် အသက်သွေးချွေးတို့ကို စတေးခဲ့ကြသည့် ခေါင်းဆောင်အပေါင်း၊ ပြည်သူအပေါင်း၏ ကျေးဇူးကို ဂုဏ်ပြုကျေးဇူးတင်ကြရင်း လွတ်လပ်ရေး၏ မွန်မြတ်တန်ဖိုးရှိမှုကို အသိ အမှတ်ပြု၊ အလေးအနက်ထားကြရ လိုပါသည်။

ထိုနည်းတူစွာ လွတ်လပ်ရေးတိုက်ပွဲဝင်သူတို့ မျှော်မှန်းခဲ့ကြသော အမှီခိုကင်းသောနိုင်ငံ၊ လွတ်လပ်တရားမျှတသောနိုင်ငံ၊ ဝါဒဖြူစင်သောနိုင်ငံအဖြစ်သို့ ပြည့်ပြည့်၀၀ရောက်ရှိရန် ကြိုးပမ်း အားထုတ်ကြရန် သန္နိဋ္ဌာန်ပြုကြပါစို့။

မြန်မာ့အလင်း