နေပြည်တော် ဇန်နဝါရီ ၂၅

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၂၀ ရက်၊ ၂၁ ရက်၊ ၂၂ ရက်၊ ၂၃ ရက်နှင့် ၂၄ ရက်များတွင် ရခိုင်ပြည်နယ်၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာနမှ ဦးဆောင်၍ ပူးပေါင်း အဖွဲ့များဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သံတွဲမြို့နယ်၊ ဂွမြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ အမ်းမြို့နယ်နှင့် တောင်ကုတ်မြို့နယ်များတွင်  တရားမဝင်သစ်မျိုးစုံ (၇၀ ဒသမ ၆၃၉၄)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄,၈၄၁,၂၉၁) အား ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။ 

အလားတူ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်၊ ဌာနစုံစစ်ဆေးရေး အဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရုတ်နိုင်ငံထုတ် စားသောက်ကုန်ပစ္စည်းများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၇,၇၃၃,၂၀၀)နှင့် အဆိုပါ စားသောက်ကုန်ပစ္စည်းများ သယ်ဆောင်လာသည့် (၂၂)ဘီးယာဉ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ်  ၉၇,၇၃၃,၂၀၀)အား ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇန်နဝါရီ ၂၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းအဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်း မြို့နယ်မှ (လိုင်စင်မဲ့) NISSAN ADVAN မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၅၀၀,၀၀၀)နှင့် တမူးမြို့နယ်မှ တရားမဝင် ကညင်သစ်(၈ ဒသမ ၃၃)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၃၃,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၃၃၃,၀၀၀)အား ဖမ်းဆီးရမိခဲ့ပြီး (လိုင်စင်မဲ့ယာဉ်)အား ပို့ကုန်သွင်းကုန်ဥပဒေ အရလည်းကောင်း၊ တရားမဝင် ကညင်သစ်များအား သစ်တောဥပဒေ အရလည်းကောင်း အရေးယူ ဆောင်ရွက်လျက်ရှိသည်။
 
ထို့အပြင် ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ တောင်ငူခရိုင် သစ်တောကြိုးဝိုင်းအတွင်း တရားမဝင် ကျွန်းသစ်(၀ ဒသမ ၈၂၆၀)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၇,၈၀၀)နှင့် အခြားသစ်မျိုးစုံ (၁ ဒသမ ၃၅၁၀)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၄,၅၇၀)၊ စုစုပေါင်း သစ်မျိုးစုံ (၂ ဒသမ ၁၇၇)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၄၂,၃၇၀) အား ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက် လျက်ရှိသည်။

သို့ပါ၍ ဇန်နဝါရီ ၂၀ ရက်၊ ၂၁ ရက်၊ ၂၂ ရက်၊ ၂၃ ရက်၊ ၂၄ ရက်နှင့် ၂၅ ရက်များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၁၁)မှု၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၆,၂၄၉,၈၆၁) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်