နေပြည်တော်၊ ဇန်နဝါရီ ၂၆

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ အကောက်ခွန် ဦးစီးဌာနက ဦးဆောင်သော တာဝန်ကျ ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ခရီးသည်တင် မှန်လုံယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၂၇၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

အလားတူ မွန်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာနမှ ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် သတင်းအရ သွားရောက်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သထုံခရိုင်၊ ပေါင်မြို့နယ်၊ နတ်မော်ကျေးရွာအနီး၊ သံလွင်မြစ်အတွင်း ပိုင်ရှင်မဲ့ လှေ သုံးစီးပေါ်မှ တရားမဝင် ပိတောက်သစ်ခွဲသား (၇၇ ဒသမ ၂၈၆) တန် (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၂၃,၁၈၅,၈၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။

 

mdn

 

ထို့အတူ ကရင်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဘားအံမြို့နယ် အကောက်ခွန်မှူး ဦးစီးသည့် အကောက်ခွန်စစ်ဆေးရေးအဖွဲ့သည် ရှောင်တခင် လှည့်လည်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ မော်လမြိုင်မြို့သို့ သွားရောက်မည့် Toyota Hiace ယာဉ်ပေါ်မှ စားသောက်ကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄၀,၀၀၀)နှင့် အဆိုပါ ကုန်ပစ္စည်းများ သယ်ဆောင်လာသည့် (Toyota Hiace) ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉,၈၄၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် ရှမ်းပြည်နယ်၊ ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းအနီးရှိ ရေပူရွာမရောက်မီ ရှောင်ကွင်း လမ်းများအား အကောက်ခွန်ဦးစီးဌာန ဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့ဝင်များမှ စစ်ဆေးစဉ် လမ်းဘေးတစ်နေရာရှိ တဲဟောင်းတွင် စုပုံထားသော တရုတ်နိုင်ငံထုတ် ချောကလက်ကိတ် (၂၀၀) ဖာ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄,၀၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။

 

mdn

 

၎င်းအပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဦးဆောင်၍ ပူးပေါင်းအဖွဲ့များမှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့နယ်၌ တရားမဝင် ကျောက်စိမ်းရိုင်းတုံးများ (၃၃၃ ဒသမ ၅၁) ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

mdn

 

ထပ်မံ၍ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် အကောက်ခွန် ဦးစီးဌာနမှူးရုံးမှ ဦးဆောင်၍ ရွှေသံလွင်တိုးဂိတ်အနီး သတင်းအရ ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၇၉၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

အလားတူပင် ဇန်နဝါရီ ၂၆ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ပဲခူးခရိုင်နှင့် တောင်ငူခရိုင် သစ်တော ကြိုးဝိုင်းများအတွင်း တရားမဝင် သစ်မျိုးစုံ (၉ ဒသမ ၅၉၆၄) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၂၅၃,၁၉၂) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သို့ပါ၍ ဇန်နဝါရီ ၂၅ ရက်နှင့် ၂၆ ရက်များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၁) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀,၃၃၈,၉၉၂)နှင့် ကျောက်စိမ်းရိုင်းတုံးများ (၃၃၃ ဒသမ ၅၁) ကီလိုဂရမ် ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

 

သတင်းစဉ်