တရားမဝင် စက်သုံးဆီ(ဒီဇယ်ချက်ဆီ)များ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်  မေ ၁၂

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၁၀ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် 
မြဝတီခရိုင် တရားမဝင်ကုန်သွယ်မှု တားဆီး/ထိန်းချုပ်ရေးအဖွဲ့မှ မြဝတီမြို့၊ အာရှလမ်း၊ အထက(၁) အနီး၌ မော်တော်ယာဉ်(၁)စီးအား စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် Clear Glass (၄၀)ချပ် အပါအဝင် ကုန်ပစ္စည်း (၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၃၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Light Truck မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Best Quality Coat Rack High Quality Stainless Steel (၃၇)ဘူး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၈၅၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉,၁၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

ထပ်မံ၍ မေ ၁၀ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ ပဲခူးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာ ထားခြင်းမရှိသည့် နိုင်လွန်ဇာ (၅၅၀၀)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၁၅၀,၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Hino Profia Truck မော်တော်ယာဉ် (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၂,၀၀၀,၀၀၀)လည်းကောင်း၊ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ မူဆယ်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် South Asian Style ဆပ်ပြာမှုန့် (၁၄၉၈ ဒသမ ၂)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် (၂,၄၈၇,၀၁၂)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hiace မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ မြန်မာ့စက်မှု ဆိပ်ကမ်း၌ ကုန်သေတ္တာ (၁)လုံးအတွင်းမှ သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်း မရှိသည့် Aldiva Porleo Superior Cocoa ‌ဝေဖာ (၁၉၆၅ ဒသမ ၆)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇,၃၁၀,၁၃၂)ကို လည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်သွင်းကုန်၌ ဝန်စည်များအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့် Furongwang စီးကရက် (၈)ဘူး အပါအဝင် ကုန်ပစ္စည်း (၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၅၀၀,၀၀၀) နှင့် Moonax နာရီ (၁၀)လုံး အပါအဝင် ကုန်ပစ္စည်း(၂)မျိုး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၂,၄၄၇,၁၄၄)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မေ ၁၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ကိုင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ ရတနာပုံပူးပေါင်းစစ်ဆေးရေးဂိတ်၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင် ဒီဇယ်ချက်ဆီ (၁၈၇၅၀)ဂါလံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ဟုမ္မလင်းမြို့နယ်ရဲစခန်း ဦးဆောင်သော ပူးပေါင်းအဖွဲ့က ဟုမ္မလင်းမြို့အတွင်း၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် AD Van မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ရွှေဘိုမြို့နယ်၊ အမှတ် (၁၁၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ် ဦးဆောင်သော ပူးပေါင်းအဖွဲ့က ရွှေဘိုမြို့၊ အမှတ်(၈)တပ်ထိပ် အနီး၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် Honda Fit မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊ မုံရွာမြို့နယ်၊ နယ်မြေ ရဲစခန်းမှ ဒုရဲအုပ် ဦးဆောင်သော ပူးပေါင်းအဖွဲ့က မုံရွာမြို့အတွင်း၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် Super Anbo မော်တော်ဆိုင်ကယ်(၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၀,၁၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
 
သို့ဖြစ်ပါ၍ မေ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၁၆)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ်  ၂၈၁,၇၄၇,၁၄၄ )ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင် ကော်မတီမှ သိရသည်။

သတင်းစဉ်