နေပြည်တော် ဇူလိုင် ၃၀

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၈ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘားအံမြို့နယ် အုန်းတပင်ကျေးရွာ Future ကားရေဆေးဝင်းအတွင်း၌ ရပ်တန့်ထားသော မော်‌တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၈၀၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck တစ်စီး၊ Chindwin Star Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀) ကိုလည်းကောင်း၊ ဘားအံမြို့နယ် သာယာကုန်းကျေးရွာအနီး၌ ရပ်တန့်ထားသော မော်‌တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ခြောက်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅၈၆၈၅၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Tractor Head တစ်စီး၊ Dong Feng Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်နှစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၀၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၆၁၆၆၈၅၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် ဇူလိုင် ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ဆိပ်ကမ်း၌ ကုန်သေတ္တာ ၄၆ လုံး အတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းခုနစ်မျိုး၊ လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၃၃၃၄၅၁၅၀) ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ MAI Airlines လေယာဉ်ခရီးစဉ်အမှတ် 8M-350 / CR – 7120 ဖြင့် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ထွက်ခွာမည့် မြန်မာနိုင်ငံသားခရီးသည်တစ်ဦး၏ ဝန်စည်အတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ရွှေဟုယူဆရသော လက်ဝတ်ရတနာ ငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၈၅၀၀၀၀၀) ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လေဆိပ် (ကုန်လှောင်ရုံ) ၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၀ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၁၄၇၆၀၆၄) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၆၃၃၂၁၂၁၄ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ဇူလိုင် ၂၉ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးစခန်း၌ သထုံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းရှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၃၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Profia Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀) စုစု‌ပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄၁၃၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

အလားတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အမရပူရမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့၌ တရားမဝင် စက်သုံးဆီ ဓာတ်ဆီပီပါ ၂၀၊ ဒီဇယ်ဆီ ၁၆ ပီပါ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၃၆၅၇၂၀ ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် ဇူလိုင် ၂၉ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖမ်းဆီးရမိမှုစာရင်းများအရ လိုင်စင်မဲ့မော်တော်ယာဉ် ၁၂ စီး နှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ၂၅ စီး ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

၂၀၂၅ ခုနှစ် ဇူလိုင် ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၂၉ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၆၉၅၀၁၉၃၄) ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင်ကုန်သွယ်မှုများကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စားပြည်တွင်းစီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ စျေးကွက်အတွင်း မျှတစွာ ယှဉ်ပြိုင်နိုင်မှုမရှိခြင်းနှင့် စျေးကွက်ပျောက်ဆုံးခြင်းတို့ ဖြစ်ပေါ်စေပြီး ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေးအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုများကို ဖြစ်ပေါ်စေသည်။ သို့ဖြစ်၍ ၎င်းတရားမဝင် တင်သွင်းမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

 

သတင်းစဉ်