နေပြည်တော် စက်တင်ဘာ ၈

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂၈ ရက်နှင့် ၃၀ ရက်တို့ တွင် မွန်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်တို့အတွင်း၌ လိုင်စင်မဲ့ယာဉ်နှစ်စီးနှင့် လိုင်စင်မဲ့ဆိုင်ကယ် ၄၅ စီး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၃၀၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် စက်တင်ဘာ ၅ ရက် တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်း- မင်းကွန်း ကားလမ်းမအနီး၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ကျောက်စိမ်းအရိုင်းတုံးများနှင့် ကျောက်စိမ်းဖြတ်စများ ၂၄၂ ဒသမ ၃၆ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၃၀၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ စက်တင်ဘာ ၆ ရက် တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တာချီလိတ်မြို့ စေခမ်းရပ်ကွက်ရှိ ခြံဝင်းတစ်ခုနှင့် ဝမ်လုံရပ်ကွက်ရှိ ခြံဝင်းတစ်ခုအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း လေးမျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၉၆၈၆၀၀၀၀) ကို လည်းကောင်း၊ သိမ်းဆည်းရမိခဲ့ပြီးဖြစ်သည့် ရွာငံခရိုင် မြို့ကြီးအနီး၌ ယာဉ်ခုနစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း အမျိုး ၁၀၀ ၊ လုပ်ငန်းသုံးပစ္စည်း ၃၄ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၄၅၈၇၉၃၃၄) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck နှစ်စီး၊ Diamond TC-003 Truck တစ်စီး၊ Dong Feng Tractor Head သုံးစီး၊ Howo Sino Tractor Head တစ်စီးနှင့် နောက်တွဲယာဉ် လေးတွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၉၀၀၀၀၀၀) ကိုလည်းကောင်း၊ မုတ္တမဆိပ်ကမ်း (ရွှေပြည်သာ) ၌ ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ ဆိုက်ကပ်လာသည့် ရေယာဉ်တစ်စင်းပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၄၂ မျိုး၊ လုပ်ငန်းသုံးပစ္စည်း ၁၀၆ မျိုး၊ စားသောက်ကုန်ပစ္စည် လေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၅၁၁၃၆၂၀၉) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် MV. Shwe Sin Lamin ရေယာဉ်တစ်စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၄၀၅၄၅၅၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၅၃၁၆၉၃၀၀၉၃ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

သြဂုတ် ၂၈ ရက်၊ ၃၀ ရက်၊ စက်တင်ဘာ ၅ ရက်နှင့် ၆ ရက် တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၈၄ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄၇၅၂၃၀၀၉၃) ကိုသိမ်းဆည်းရမိခဲ့သည်။ တရားမဝင် ကုန်သွယ်မှုများကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား ပြည်တွင်းစီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ စျေးကွက်အတွင်းမျှတစွာ ယှဉ်ပြိုင်နိုင်မှုမရှိခြင်းနှင် စျေးကွက်ပျောက်ဆုံးခြင်းတို့ ဖြစ်ပေါ်စေပြီး ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေးအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုများကို ဖြစ်ပေါ်စေပါသဖြင့် တရားမဝင်ကုန်သွယ်မှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

 

သတင်းစဉ်