တရားမဝင် ကျွန်းသစ်၊ ကျောက်စိမ်းတုံးများ၊ လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဩဂုတ် ၁

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ထို့သို့ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၁၂ ရက်တွင် ရှမ်းပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မူဆယ်မြို့နယ် တရားမဝင်ကုန်ပစ္စည်းများ တားဆီးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူဆယ်မြို့၊ သိန်းသန်းချီကားဝင်းအနီး၌ စုပုံထားသော တရားမဝင် အကောက်ခွန်မဲ့ ကုန်ပစ္စည်းများ ဖြစ်သည့် MOJIA Chair (၁)ခု၊ Wifi Router အခု (၅၀၀) အပါအဝင် ကုန်ပစ္စည်း(၂၁)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၆,၀၀၂,၀၀၀)ကိုလည်းကောင်း၊ မူဆယ်မြို့၊ မင်္ဂလာမူဆယ်အနီးလမ်းမကြီးဘေးတွင် စုပုံထားသော တရားမဝင် အကောက်ခွန်မဲ့ ကုန်ပစ္စည်းများဖြစ်သည့် တရုတ်နိုင်ငံထုတ် တံဆိပ်ပါ Beer (၃၆၂၄)ပုလင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၄၃၆,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၁,၄၃၈,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက် လျက်ရှိသည်။

ထို့အတူ ဩဂုတ် ၁၂ ရက်တွင် ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြဝတီခရိုင်တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးအဖွဲ့က မြဝတီမြို့၊ သင်္ဃန်းညီနောင်ကျေးရွာအနီး၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Slipper ဖိနပ် အရန် (၉၀၀) အပါအဝင် ကုန်ပစ္စည်း (၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၅၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Vanette (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄,၅၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၅၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထပ်မံ၍ ဩဂုတ် ၁၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သိန္နီမြို့နယ်၊ နမ့်အွမ် ကျေးရွာအနီး ရှောင်ကွင်းလမ်းထိပ်တွင် ရပ်တန့်ထားသည့် မော်တော်ယာဉ်(၁)စီးပေါ်မှ ကျောက်စိမ်းဟု ယူဆရသော ကျောက်တုံးဆိုဒ်စုံ (၁၉)တုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Crown Saloon (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဩဂုတ် ၁၃ ရက်တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ခရိုင်သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က သာယာဝတီ ခရိုင်အတွင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင် ကျွန်းသစ်(၂ ဒသမ ၄၇၁)တန် (ခန့်မှန်း တန်ဖိုး ငွေကျပ် ၁,၆၃၁,၀၅၈)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဩဂုတ် ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၈)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅,၆၁၉,၀၅၈)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်