တရားမဝင် ကျွန်းသစ်၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် စက်တင်ဘာ ၁၀

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ Zero Mile အနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Honda ဆိုင်ကယ်အင်ဂျင်ဝိုင် (၂၄၆၀)ဘူး အပါအဝင် ကုန်ပစ္စည်း(၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၀၇၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Bus(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ပဲခူးလမ်းမကြီး၊ လှည်းကူးတိုးဂိတ်အနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် Battery Charger ကီလိုဂရမ် (၁၀၀၀) အပါအဝင် ကုန်ပစ္စည်း(၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၁၀၇,၂၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Tractro Head (၁)စီးနှင့် နောက်တွဲယာဉ်(၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ရန်ကုန်မြို့၊ အမှတ်(၂)လမ်းမကြီး၊ ရွာသာကြီးတိုးဂိတ် အနီး၌ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီး ပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေငြာထားခြင်း မရှိဘဲ ကွဲလွဲစွာ ပါရှိလာသည့် QD Rechargeable Emergency ဆိုလာမီးအိမ် (၅၄၀)ခု အပါအဝင် ကုန်ပစ္စည်း (၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄,၁၅၈,၄၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၀,၃၃၅,၆၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် စက်တင်ဘာ ၇ ရက်တွင် တနင်္သာရီတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကော့သောင်းမြို့၊ ရွာမလမ်းအနီး၌ စုပုံထားသော အကောက်ခွန်မဲ့ပစ္စည်းများဖြစ်သည့် အစိမ်းရောင် ငါးဖမ်းပိုက် (၆၅)ကီလိုဂရမ်၊ UNILAM ငါးမြှားမီးအိမ် အခု (၂၀) ၊ MSI Laptop အလုံး(၃၀)အပါအဝင် ကုန်ပစ္စည်း (၈)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄,၃၂၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် စက်တင်ဘာ ၇ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ အကောက်ခွန်အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၃)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသော One Rich ကလေးအဝတ်အထည် (၁၅၀၀)စုံ၊ M-150 Energy Drink အချိုရည် (၆၅၀၀)ပုလင်း၊ Plastic PP ဆာလာအိတ် (၃၀၀၀)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၂၇၁,၈၆၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter (၁)စီး၊ Yutong Bus (၁)စီး၊ Chang Long Tractor Head (၁)စီးနှင့် နောက်တွဲယာဉ် (၁)တွဲ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၉,၂၇၁,၈၆၀)ကို ဖမ်းဆီးရမိ ခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

၎င်းအပြင် စက်တင်ဘာ ၈ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ခရိုင်သစ်တောဦးစီးဌာနအလိုက် ဦးဆောင်သော ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်နှင့် သာယာဝတီခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် (၄ ဒသမ ၉၃၉)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၀၂,၃၀၈)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ စက်တင်ဘာ ၅ ရက်၊ ၇ ရက်နှင့် ၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၁၆)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၅,၉၂၉,၇၆၈)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်