တရားမဝင် လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် သြဂုတ် ၄

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂ ရက်တွင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က ဘားအံမြို့၊ ကမော့ကစင်ကျေးရွာ၌ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာ သည့် မော်တော်ယာဉ်(၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော Cotton Fabric Printed (၄၀၀) ကီလိုဂရမ်၊ Rubberတုံး (၂၀)ခု အပါအဝင် ကုန်ပစ္စည်း(၅)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၂,၂၂၀,၀၀၀) နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Nissan Diesel Truck (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၂,၂၂၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အ‌ကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ သြဂုတ် ၂ ရက်တွင် ရှမ်းပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က တောင်ကြီးမြို့(၄)မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ ကျိုင်းတုံမြို့မှ တောင်ကြီးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ သွင်းကုန်ကြေညာ လွှာနှင့် ကွဲလွဲစွာတင်သွင်းလာသည့် သုံးယောက်စီး ဒန်းလျှောစီးစင်ပါ Amusement Equipment (၁)စုံ အပါအဝင် Amusement Equipment (၂၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၄၂၁,၉၉၂)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Fuso Diesel (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၈,၄၂၁,၉၉၂)ကို ဖမ်းဆီးရမိခဲ့ပြီး အ‌ကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထပ်မံ၍ သြဂုတ် ၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ အကောက်ခွန်အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြန်မာစက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ(၄)လုံးအတွင်းမှ
သွင်းကုန်လိုင်စင်မရရှိမီ ဆိပ်ကမ်းသို့ရောက်ရှိသည့် ရက် (၆၁)ရက် ကျော်လွန်နေသည့် Trixon Master Antenna Television Satellite (၄၁၃)ကီလိုဂရမ်၊
Lighting Pole (၁၀)ခု၊ Door Camera (၆)ခု၊ Wanwha Network Dome Camera (၆၀)ခု အပါအဝင် ကုန်ပစ္စည်း(၈၅)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၀၁,၇၁၂,၃၈၆) ကိုလည်းကောင်း၊ အမှတ်(၂)လမ်းမကြီး၊ ဇရပ်ကွင်းကျေးရွာအနီး၌ မော်တော်ယာဉ် (၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသော Chaokoh Coconut Cream (၂၃၀၄)ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း(၃)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁,၅၁၆,၁၂၈)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၇၃,၂၂၈,၅၁၄)ကို ဖမ်းဆီးရမိခဲ့ပြီး အ‌ကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ သြဂုတ် ၂ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၁၁)မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၉၃,၈၇၀,၅၀၆) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)