နေပြည်တော် အောက်တိုဘာ၂၀
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
အရေးယူဆောင်ရွက်
ထို့ပြင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၁၆ ရက်တွင် မော်လမြိုင်မြို့နယ် ဘားအံ-မော်လမြိုင် ကားလမ်းအနီး ကျွဲခြံကုန်းရပ်ကွက် လမ်းဘေးတစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့စားသောက်ကုန်ပစ္စည်း နှစ်မျိုး၊ လူသုံးကုန်ပစ္စည်း တစ်မျိုး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၃၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန် သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၁၇ ရက်တွင် ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးစခန်း၌ လိုင်စင်မဲ့ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀၀၀) ကို လည်းကောင်း၊ အောက်တိုဘာ ၁၈ ရက်တွင် ကော့သောင်းမြို့နယ် တော်ဝင်ဆိပ်ကမ်းတံတား၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၅၄၀၀၀၀၀) ကို လည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၅၄၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲဖွင့်လှစ်ထားရှိသည်။
အောက်တိုဘာ ၁၆ ရက်၊ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ငါးမှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၀၂၃၀၀၀၀) ကို သိမ်းဆည်းရမိခဲ့သည်။ တရားမဝင်တင်သွင်းမှုများကြောင့် သွင်းကုန်အစားထိုး ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းများနှင့် စက်မှုဇုန်များရှိ အသေးစား၊ အလတ်စားလုပ်ငန်းများကို ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေပြီး နိုင်ငံ၏ စီးပွားရေးဦးတည်ချက်များကိုပါ ထိခိုက်စေနိုင်သည်။ သို့ဖြစ်ပါ၍ ၎င်းတရားမဝင် တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်


