တရားမဝင် လယ်ယာထွက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ‌ရေနံစိမ်းနှင့် လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် သြဂုတ် ၁၀

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၇ ရက်တွင် မန္တလေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က (၁၆)မိုင်ကျောက်ချောစစ်ဆေးရေးစခန်း၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မန္တလေးမြို့မှ ပြင်ဦးလွင်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် နှမ်းနက် (၃၀)အိတ် (ခန့်မှန်း တန်ဖိုးငွေကျပ် ၃,၀၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Tun Light Truck Pickup (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 

ထို့အပြင် သြဂုတ် ၈ ရက်တွင် တနင်္သာရီတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က ထားဝယ်-မြိတ်ကားလမ်း၊ ပေါက်တိုင်း တံတား စစ်ဆေးရေးဂိတ်၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကော့သောင်းမြို့မှ ထားဝယ်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြ နိုင်ခြင်း မရှိသည့် Nylon Rope (၆၀၀)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၀၀၀,၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Yutong Express Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀,၀၀၀,၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၉၄,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 

ထို့အတူ သြဂုတ် ၈ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန် အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာစက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ(၁)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် Fire Hose Wheel with Cabinet (၃၀၂၉) ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း (၂၈)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၈၇၅,၈၅၆)ကိုလည်းကောင်း၊ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ(၇)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကိုက်ညီမှု မရှိသည့် Bolt And Nut (၁၂၅)တန် အပါအဝင် ကုန်ပစ္စည်း (၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၂,၀၀၀,၀၀၀)နှင့် သွင်းကုန်လိုင်စင် လိုအပ်သော Perforated Metal Sheet (၂၀၂၆၅)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄,၀၄၃,၆၄၅)ကိုလည်းကောင်း၊ ထီးတန်းဆိပ်ကမ်း၌ ကုန်သေတ္တာ(၁)လုံးအတွင်းမှ သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်း မရှိသည့် Color Coated Aluminium Coil (၂၂,၀၁၃)ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း (၁၀)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၁,၁၈၆,၇၄၆)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၀,၁၀၆,၂၄၇)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် မကွေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သြဂုတ် ၈ ရက်တွင် မကွေးမြို့၊ မြို့မ အိုးဘိုရပ်ကွက်၊ ဧရာဝတီလုံခြုံရေးဂိတ်အနီး၌ လိုင်စင်မဲ့ Toyota Crown မော်တော်ယာဉ်(၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၅,၀၀၀,၀၀၀)၊ သြဂုတ် ၉ ရက်တွင် မကွေးမြို့၊ ကန်ပြားကျေးရွာအနီး၌ လိုင်စင်မဲ့ Honda Insight မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၀၀,၀၀၀)နှင့် ငဖဲမြို့နယ်၊ နတ်ရေကန်ပူးပေါင်း စစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Suzuki SWIFT မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၀၀,၀၀၀) တို့ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ ချောက်မြို့၊ အမှတ်(၃)နယ်မြေ၊ ရွာမရပ်ကွက်၌ တရားမဝင် ရေနံစိမ်း (၁၃၃)ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၉,၀၀၀)ကို ပြည်သူပိုင်ပစ္စည်းကာကွယ် စောင့်ရှောက်ရေးဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၃၉၉,၀၀၀)ကို ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ သြဂုတ် ၇ ရက်၊ ၈ ရက်နှင့် ၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၂)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၉၄,၅၀၅,၂၄၇)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦး ဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်