နေပြည်တော် ဇွန် ၁၃
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇွန် ၁၀ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ် (ကုန်လှောင်ရုံ) ၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် စိန်ဟုယူဆရသော Moissanite စာတမ်းပါ ရောင်စုံကျောက်ပွင့် (၁၇) မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၅,၀၀၀,၀၀၀) ကို လည်းကောင်း၊ ဇွန် ၁၁ ရက် တွင် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လူသုံးကုန်ပစ္စည်း (၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၀၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Profia Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀,၀၀၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၄,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇွန် ၁၀ ရက်တွင် မော်လမြိုင်မြို့၊ မြေနီကုန်းကားဝင်း၊ ရွှေစင်ကြယ်ကားဂိတ်၊ PK ကားဂိတ်နှင့် Universal ကားဂိတ်တို့အနီး၌ စုပုံထားသော အကောက်ခွန်မဲ့ စားသောက်ကုန်ပစ္စည်း (၁၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၂၂,၀၀၀) ကိုလည်းကောင်း၊ ဇွန် ၁၁ ရက်တွင် သံလွင်တံတား (မော်လမြိုင်) ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၁)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂,၃၃၇,၅၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck (၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀,၀၀၀,၀၀၀) ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၂,၃၅၉,၅၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇွန် ၁၁ ရက်တွင် ရှမ်းပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူဆယ်မြို့၊ ဆင်ဖြူဂိတ်၌ မော်တော်ယာဉ် (၁) စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ကျောက်စိမ်းဟု ယူဆရသော ကျောက်တုံးကျောက်ခဲ (အရွယ်စုံ၊ ဆိုဒ်စုံ) (၅၆) ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၉၈၄,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Windom (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ကျိုင်းတုံမြို့ ရှောင်လမ်း၊ ကျိုင်းဖောင်း ကျေးရွာအနီး လမ်းဘေး တစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့ စားသောက်ကုန်ပစ္စည်း (၂) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၈၅၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၉,၈၃၄,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မင်းလှမြို့နယ်၊ တောင်ဦးကျေးရွာအနီး၌ တရားမဝင် မီးသွေး (၈ ဒသမ ၅၃၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ဒဂုံမြို့နယ်၊ အမှတ် (၂) လမ်းမကြီး၊ သံလမ်းအနီး၌ သာမညမှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၃) စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၂) မျိုး၊ လူသုံးကုန်ပစ္စည်း (၁) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇,၁၂၄,၆၃၁) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Dong Feng Tractor Head (၂)စီး၊ Man Tractor Head (၁) စီးနှင့် နောက်တွဲယာဉ် (၃) တွဲ (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၄၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၉၇,၁၂၄,၆၃၁)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇွန် ၁၁ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖမ်းဆီးရမိမှုစာရင်းများအရ လိုင်စင်မဲ့ မော်တော်ယာဉ် (၁၉) စီးနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် (၈၇) စီး ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
၂၀၂၅ ခုနှစ်၊ ဇွန် ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၀)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၁၃,၆၃၈,၁၃၁) ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင်တင်သွင်းမှုများကြောင့် သွင်းကုန်အစားအထိုး ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းများနှင့် စက်မှုဇုန်များရှိ အသေးစား၊ အလတ်စား လုပ်ငန်းများကို ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေပြီး နိုင်ငံ၏ စီးပွားရေးဦးတည်ချက်များကိုပါ ထိခိုက် စေနိုင်သည်။ သို့ဖြစ်၍ ၎င်းတရားမဝင် တင်သွင်းမှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ ယခုထက် ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်





