တရားမဝင် သစ်၊ ကျောက်စိမ်း၊ စက်သုံးဆီ၊ လျှပ်စစ်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဇွန် ၁၅

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မန္တလေး (၁၆)မိုင် ကျောက်ချောစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇွန် ၁၁ ရက်တွင် မန္တလေးမြို့မှ မူဆယ်မြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ပိတောက်သစ်ခွဲသား (ပေတို) (၀.၅၁၀၄)တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၆၀,၀၀၀)နှင့် အဆိုပါသစ်များ တင်ဆောင်သော Toyota Hiace Micro Bus (၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ဇွန် ၁၃ ရက်တွင် မန္တလေးမြို့မှ မူဆယ်မြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ်(၁)စီးပေါ်မှ ဘီယာဖာများဖြင့် ဖုံးအုပ်ပြီး ယာဉ်၏ လျှောက်လမ်းကြမ်းခင်းအောက်တွင် သတင်းစာစက္ကူဖြင့် သိုဝှက်ထုပ်ပိုး၍ တိပ်အကြည်ပတ်ထားသည့် ကျောက်စိမ်းဟုယူဆရသော ကျောက်လက်ကောက်ကွင်းများ စစ်ဆေး တွေ့ရှိသဖြင့် မန္တလေးမြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံးသို့ ပို့ဆောင်ခဲ့ပြီး အသေးစိတ် ဖွင့်ဖောက် စစ်ဆေးခဲ့ရာ တရားဝင်တင်ပို့ခွင့် အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ကျောက်စိမ်းဟု ယူဆရသော ကျောက်လက်ကောက်ကွင်းဆိုဒ်စုံ (၁၄၅)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၂၅၀,၀၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်သော Mitsubishi Fuso EXPRESS Bus(၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)အပြင် ယာဉ်ပေါ်ပါ ဖုံးအုပ်ကုန်ပစ္စည်းများဖြစ်သော Chang Classic Beer(၂၇၂)ဖာ အပါအဝင် ကုန်ပစ္စည်း(၃)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃,၂၄၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၁,၀၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထပ်မံ၍ ဇွန် ၁၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လက်ပံလှ-စဉ့်ကူးယာယီစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြစ်ကြီးနားမြို့မှ မန္တလေးမြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ် (၁)စီးပေါ်မှ ပီနံအိတ်အစိမ်းရောင်စွပ်ဂျပ်ဖာများအတွင်း အကောက်ခွန်မဲ့ပစ္စည်းများ စစ်ဆေး တွေ့ရှိသဖြင့် မန္တလေးမြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံးသို့ ပို့ဆောင်ခဲ့ပြီး အသေးစိတ် ဖွင့်ဖောက် စစ်ဆေးခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် WGP Mini DC UPS(၇၅၀)လုံး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်သော Isuzu Giga Truck (၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တနိုင်းခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ကျစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တနိုင်းမြို့နယ်၊ ကင်ဆားရာရပ်ကွက်၊ အ.ထ.က(၁)ကျောင်းရှေ့၊ လီဒိုလမ်းမပေါ်၌ လိုင်စင်မဲ့ Toyota Noah မော်တော်ယာဉ်(၂)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇွန် ၁၃ ရက်နှင့် ၁၄ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(ကလေး)မှ စစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်လိုက်မြို့နယ်၊ ထော်သာကျေးရွာအနီး လမ်းမပေါ်၌ မော်တော်ယာဉ်(၈)စီးပေါ်မှ တရားဝင်သယ်ဆောင်ခွင့် အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ဒီဇယ်ဆီ(ချက်ဆီ)(၂၈၄၅၀)ဂါလန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၉,၁၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇွန် ၁၃ ရက်တွင် မြန်မာစက်မှုဆိပ်ကမ်း၌ တာဝန်ကျအကောက်ခွန်အဖွဲ့က ကုန်သေတ္တာ(၁)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက်ပိုမိုပါရှိလာသော ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းဖြစ်သည့် Galvanized Iron Chain (၁၄၄၀)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၁၁၆,၈၀၀)ကို လည်းကောင်း၊ ဇွန် ၁၄ ရက်တွင် မွန်ပြည်နယ်၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသောမော်တော်ယာဉ်(၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသော DORA Door Lock (၁၃၂၀)လုံး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃,၃၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်သော YADANA Truck(၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၃,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈,၄၁၆,၈၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဇွန် ၁၁ ရက်၊ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၀)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၄,၆၁၆,၈၀၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦး ဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်