တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၂၇

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း တာဝန်ခံ ဦးဆောင်သော ထုတ်နုတ်ပူးပေါင်းအဖွဲ့သည် ရန်ကုန်-မော်လမြိုင်၊ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၉၃)မိုင် (၁)ဖာလုံအနီး၌ ရပ်တန့်ထားသော မော်တော်ယာဉ်(၂)စီးနှင့် ဘီးလင်းတိုးဂိတ် အနီး၌ ယာယီတားဆီးထားသည့် မော်တော်ယာဉ် (၃)စီးတို့အား စိစစ်၍ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်းသို့ ပို့ဆောင်ပြီး အသေးစိတ် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက်စာတမ်း အ‌ထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ပြောင်းအိတ် (၃၅၇၀)အိတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၃,၅၃၀,၀၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Tractor Head (၂)စီး၊ Man Tractor Head (၁)စီး၊ Scania Tractor Head (၁)စီး၊ Chenglong Tractor Head (၁)စီးနှင့် နောက်တွဲ ယာဉ်(၅)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၈,၅၃၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အ‌ကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇူလိုင် ၂၅ ရက်တွင် ဧရာဝတီတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က ပုသိမ်-ရန်ကုန်ကားလမ်း၊ ကိုးဆူကျေးရွာ စစ်ဆေးရေးဂိတ်အနီး၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လိုင်စင်မဲ့ Toyota Belta မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဇူလိုင် ၂၆ ရက်တွင် မကွေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က ရေစကြိုမြို့၊ အမှတ်(၇)ရပ်ကွက်၊ မြို့အဝင် ဆိုင်းဘုတ်အနီး၌ တရားမဝင် စက်သုံးဆီ(ချက်ဆီ) (၃၀)ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀,၀၀၀)၊ အဆိုပါ စက်သုံးဆီများ သယ်ဆောင်လာသည့် Jialing မော်တော်ဆိုင်ကယ်(၁)စီးနှင့် Canda မော်တော် ဆိုင်ကယ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့်ရေနံထွက်ပစ္စည်းများဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

၎င်းအပြင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ခရိုင်သစ်တောဦးစီးဌာနအလိုက် ဦးဆောင်သော ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇူလိုင် ၂၅ ရက်တွင် ပြည်ခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် (၁ ဒသမ ၀၇၈)တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၀၉,၃၄၀)ကိုလည်းကောင်း၊ ဇူလိုင် ၂၆ ရက်တွင် တောင်ငူခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် (၁၃ ဒသမ ၄၂၀)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၄၂၈,၆၀၀)ကိုလည်းကောင်း၊ ဇူလိုင် ၂၇ ရက်တွင် ပဲခူးခရိုင်၊ တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် (၅ ဒသမ ၅၁၇) တန်နှင့် အခြားသစ် (၃ ဒသမ ၂၇၃)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၇၉၃,၃၁၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၄၃၁,၂၅၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဇူလိုင် ၂၃ ရက်၊ ၂၅ ရက်၊ ၂၆ ရက်နှင့် ၂၇ ရက်နေ့တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၅)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၂,၄၄၁,၂၅၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက် ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်