နေပြည်တော် နိုဝင်ဘာ ၁၂

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

 

စစ်ကိုင်းတိုင်ဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၆ ရက်နှင့် ၇ ရက်တို့တွင် စစ်ကိုင်းမြို့ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၀၀၀၀၀၀) နှင့် မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းကိုးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၉၈၀၀၀) တို့ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ မုံရွာမြို့နယ် ကွေ့ကြီးရပ်ကွက်၌ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီ (ချက်ဆီ) ၄၅ ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈၅၀၀၀)ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၈၁၈၃၀၀၀ ကို သိမ်းဆည်း အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၈ ရက်နှင့် ၉ ရက်တို့တွင် ပေါင်မြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့ အတွင်း၌ လိုင်စင်မဲ့ဆိုင်ကယ် နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀) ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ မော်လမြိုင်မြို့ လှိုင်ရပ်ကွက် လှိုင်စျေးလမ်း အမှတ် (၁၁၁/A) ရှိ ဂိုဒေါင်တစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း ၁၂ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၆၂၃၈၆၀၀) ကို အမြန်စီမံခန့်ခွဲရန်လိုအပ်သော ကုန်ပစ္စည်းများဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ ဂိုဒေါင်ပိုင်ရှင်အား ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၂၂၃၈၆၀၀ ကို သိမ်းဆည်းအရေးယူ ဆောင်ရွက် လျက်ရှိသည်။

 

ယင်းအပြင် ရန်ကုန်တိုင်းဒေသ ကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၅ ရက်တွင် တွံတေးမြို့နယ် ဘုရားကြီးကျေးရွာ၌ တရားမဝင် အခြားသစ် သုည ဒသမ ၆၇၅ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၈၁၀၀၀) ကို သစ်တောဥပဒေအရလည်းကောင်း၊ နိုဝင်ဘာ ၆ ရက်တွင် ရွှေပြည်သာမြို့နယ် အမှတ် (၁၃) ရပ်ကွက်၌ လိုင်စင်မဲ့ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀) ကို ပို့ကုန်သွင်းကုန် ဥပဒေအရ လည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၀၈၁၀၀၀ ကို သိမ်းဆည်း အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၇ ရက်တွင် ဟင်္သာတမြို့နယ် ဥယျာဉ်မြောက်ရပ်ကွက်၌ လိုင်စင်မဲ့ဆိုင်ကယ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

နိုဝင်ဘာ ၅ ရက်မှ ၉ ရက်အထိ ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၀ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၆၈၀၂၆၀၀) ကို သိမ်းဆည်းရမိခဲ့သည်။ ထိုကဲ့သို့ တရားမဝင် တင်သွင်းလာမှုများကြောင့် တရားဝင်တင်သွင်းသည့် ကုန်သည်လုပ်ငန်းရှင်များအတွက်  စျေးကွက် ယှဉ်ပြိုင်နိုင်မှုစွမ်းအား ကျဆင်းခြင်းနှင့် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နိုင်စေပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာ ဆုံးရှုံးနစ်နာခြင်းများ ဖြစ်ပေါ်စေနိုင်သည်။ သို့ဖြစ်ပါ၍ တရားမဝင် ကုန်စည်တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမိုတားဆီး စစ်ဆေးကြပ်မတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။ 

 

သတင်းစဉ်