နေပြည်တော်၊ နိုဝင်ဘာ ၁၆
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
နိုဝင်ဘာ ၁၄ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၉) လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လူသုံးကုန်ပစ္စည်း (၉) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄,၃၉၆,၂၆၉) ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်တစ်ဉီး၏ ဝန်စည်အတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း (၁၀) မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၃,၈၈၅,၀၀၀) ကိုလည်းကောင်း၊ ရွာသာကြီး Dry Port ၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁) စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း (၁) မျိုး၊ လုပ်ငန်းသုံးပစ္စည်း (၁) မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၂,၈၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Truck (၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၁,၀၈၁,၂၆၉) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် နိုဝင်ဘာ ၁၅ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ ဘားအံမြို့မှ ညောင်လေးပင်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁) စီးနှင့် ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁) စီးတို့ပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၁) မျိုး၊ စားသောက်ကုန်ပစ္စည်း (၂) မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆,၅၀၀,၀၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hiace (၁) စီးနှင့် Kia Bongo (၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀) နှင့် ဘုရားကြီးမြို့၊ ရွှေသံလွင်တိုးဂိတ်အနီး၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁) စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ယာဉ်အပိုပစ္စည်း (၁) မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၉,၃၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Dong Feng Tractor Head (၁) စီးနှင့် နောက်တွဲယာဉ် (၁) တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀,၀၀၀,၀၀၀) ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ တောင်ငူခရိုင်အတွင်း၌ တရားမဝင် သစ်မာ (၁ ဒသမ ၃၀၃) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၈၆,၁၇၆) ကို သစ်တောဥပဒေ အရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၆,၆၈၆,၁၇၆) ကို ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် နိုဝင်ဘာ ၁၆ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားမဝင် စက်သုံးဆီ ဓာတ်ဆီ (၃၅) ပေပါ၊ ဒီဇယ်ဆီ ပေပါ (၅၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉,၈၅၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
နိုဝင်ဘာ ၁၄ ရက်၊ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၄) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၇,၆၁၇,၄၄၅) ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင် ကုန်သွယ်မှုများကြောင့် ကုန်စျေးနှုန်းကြီးမြင့်မှု၊ ငွေကြေးမတည်ငြိမ်မှုများနှင့် နိုင်ငံတော်အတွက် အခွန်ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်စေပြီး စားသုံးသူ ပြည်သူများအတွက်လည်း ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေနိုင်သဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သတင်းရရှိသည်။
သတင်းစဉ်


