တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဧပြီ ၃

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂ ရက်တွင် ကချင်ပြည်နယ်တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၊ ကြာကြီးကွင်း ကျေးရွာအနီး၌ မော်တော်ယာဉ် (၃)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် အမိုနီယမ် နိုက်ထရိတ် ကီလိုဂရမ် (၃၆၈၂၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆,၈၂၀,၀၀၀)၊ အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Yang Fond Truck (၃)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀,၀၀၀,၀၀၀)၊ Yinxing 125 အပါအဝင် မော်တော်ဆိုင်ကယ် (၃)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၀,၀၀၀)နှင့် မိုးကောင်း မြို့နယ်၊ ပင်းဘောကျေးရွာအနီး၌ မော်တော်ယာဉ်(၂)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် အမိုနီယမ်နိုက်ထရိတ် ကီလိုဂရမ် (၄၀၀၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck (၁)စီးနှင့် ဖုန်းယန်း မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၀,၀၀၀,၀၀၀)တို့ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများ ဆိုင်ရာ ဥပဒေအရလည်းကောင်း၊ မိုးကောင်း-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီး အနီး၌ လိုင်စင်မဲ့ Lexus မော်တော်ယာဉ်(၁)စီးနှင့် X-Trail မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၂၅,၂၀၀,၀၀၀)ကို ဖမ်းဆီးအရေးယူ‌ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဧပြီ ၂ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၌ တရားမဝင် ကျွန်းသစ် (၂ ဒသမ ၀၂၃)တန်နှင့် သစ်မာ (၂ ဒသမ ၅၁၄)တန် စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၁,၃၂၄,၈၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဧပြီ ၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ၊ လိုင်စင်မဲ့ ယာဉ်ဖမ်းဆီးရမိရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်လမ်း အနီး၌ လိုင်စင်မဲ့ Toyota Mark X မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၅၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဧပြီ ၂ ရက်တွင် မန္တလေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြစ်ငယ်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဆီသယ်ယာဉ်(၁)စီးပေါ်မှ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ ဂါလံ (၈၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၀၀၀,၀၀၀)နှင့် အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် Dong Feng Bowser (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၉,၀၀၀,၀၀၀)ကိုဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့်ရေနံထွက် ပစ္စည်းဆိုင်ရာဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ ဧပြီ ၂ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၀)မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၇၉,၀၂၄,၈၀၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင် ကော်မတီမှသိရသည်။

သတင်းစဉ်