နေပြည်တော်၊ ဇွန် ၁၀
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၇ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့စဉ် စေတုတ္တရာမြို့နယ်၊ ဆီမီးချောင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Taryan မော်တော်ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ မြို့သစ်မြို့နယ် ဆူးတပ်ကြီးကျေးရွာအနီး၌ တရားမဝင်ကျွန်းသစ် (၀ ဒသမ ၃၀၉) တန်၊ အခြားသစ် (၄ ဒသမ ၈၇၈) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၁၄၆,၀၁၆) ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၂၄၆,၀၁၆) ကို ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇွန် ၈ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြစ်ကြီးနားမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖြစ်သည့် Nissan X-Trail တစ်စီး၊ Toyota Crown တစ်စီး နှင့် Toyota Hijet တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈,၀၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ နမ္မတီးမြို့နယ်၌ အမိုနီယမ်နိုက်ထရိတ် ကီလိုဂရမ် (၁၉၅၂၀) (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၉,၅၂၀,၀၀၀) ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၇,၅၂၀,၀၀၀)ကို ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ ဇွန် ၈ ရက်တွင် မွန်ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကျိုက်မရောမြို့ မြို့အဝင်လမ်းဆုံ၌ ဘုရားသုံးဆူမြို့မှ ကျိုက်မရောမြို့သို့ မောင်းနှင်လာသည့် မော်တော် ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Vo Vo ဖုန်းမှန်ကပ်ကာဗာ (၅၆၀၀) အပါအဝင် ကုန်ပစ္စည်း ခြောက်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂,၂၈၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၂,၂၈၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။
ထို့ပြင် ဇွန် ၈ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ တစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာ ပါရှိလာသည့် တရုတ်နိုင်ငံထုတ် Duct Tape (၄၄၅၅ ဒသမ ၈) ကီလိုဂရမ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၄,၀၃၅,၇၇၀) ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည် နှစ်ဦး၏ ဝန်စည်နှစ်ခုအတွင်းမှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Uniqlo တံဆိပ်ပါ ဘောင်းဘီတို (၆၈) ထည်၊ အမျိုးသားဝတ်ရှပ်အင်္ကျီ (၇၂) ထည်၊ အမျိုးသမီးဝတ်အင်္ကျီ (၂၄၅) ထည်နှင့် တရုတ်နိုင်ငံထုတ် KZG Keypad Phone ငါးလုံး အပါအဝင် ကုန်ပစ္စည်းခုနစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၅၄၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉,၅၇၅,၇၇၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇွန် ၈ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ (၃၉) မိုင် စစ်ဆေးရေးဂိတ်၌ သာမညမှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် ငါးငံပြာရည် ပုလင်း (၆၀၀) ၊ ဂျပန်နိုင်ငံထုတ် Riccar အပ်ချုပ်စက် (Used) (၅၈)လုံး၊ တရုတ်နိုင်ငံထုတ် Lithium Battery ကိုးလုံးအပါအဝင် ကုန်ပစ္စည်း (၁၀) မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၂,၆၉၈,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Mitsubishi Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂,၆၉၈,၀၀၀) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဇွန် ၈ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဟင်္သာတခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် (၀ ဒသမ ၅၃၂) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၇,၆၃၂)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။
သို့ဖြစ်၍ ဇွန် ၇ ရက်နှင့် ၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၇)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၃,၇၁၇,၄၁၈)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သတင်းရရှိသည်။
သတင်းစဉ်


