တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်၊ မေ ၁၀

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၈ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြဝတီခရိုင် တရားမဝင် ကုန်သွယ်မှုတားဆီး/ထိန်းချုပ်ရေးအဖွဲ့က မြဝတီမြို့၊ အာရှလမ်းမ၊ အမှတ်(၄) ရပ်ကွက်ရှိ ဂိုဒေါင်အား ရှောင်တခင်စစ်ဆေးခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ပဲပိစပ်ဆီ (၈၀)ဖာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၄၈၀,၀၀၀)နှင့် C-Vitt အချိုရည် (၂၄၀၀)ဗူး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၆၀,၀၀၀)ကိုလည်းကောင်း၊ မြဝတီမြို့၊ အာရှလမ်း၊ မြေနီကုန်း မီးပွိုင့်အနီး၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် Cannon G3010 Color Printer (၃၅)လုံး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅,၂၅၀,၀၀၀)နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်လာသည့် Toyota Voxy မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၆၉၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထပ်မံ၍ မေ ၈ ရက်တွင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ အကောက်ခွန်လှုပ်ရှားစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘုရားကြီးမြို့နယ်၊ တိုးဂိတ်အနီး၌ မြဝတီ-ဘားအံ-ရန်ကုန် လမ်းကြောင်းအတိုင်း ရန်ကုန်သို့မောင်းနှင်လာသည့် မော်တော်ယာဉ် (၁)စီးအား စိစစ်၍ အသေးစိတ်စစ်ဆေးနိုင်ရန် ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးဌာနခွဲသို့ ခေါ်ယူစစ်ဆေးခဲ့ရာ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် Car Door (၁၁၀၀)ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း(၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၉၂,၂၅၅)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Tractor Head (၁)စီးနှင့် နောက်တွဲယာဉ် (၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀,၀၉၂,၂၅၅)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် မေ ၉ ရက်တွင် ဧရာဝတီတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် ပုသိမ်ခရိုင်သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပုသိမ်ခရိုင်၊ ညောင်တုန်းမြို့နယ်၌ တရားမဝင်သစ် (၀ ဒသမ ၈၁၀)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀၅,၃၅၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မေ ၉ ရက်နှင့် ၁၀ ရက်နေ့ တို့တွင် သာယာဝတီခရိုင်အတွင်း တရားမဝင် ကျွန်းသစ် (၀ဒသမ ၇၈၂)တန်၊ သစ်မာ (၀ ဒသမ ၈၁၆) တန်နှင့် အခြားသစ် (၃ ဒသမ ၉၅၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၃၅,၄၁၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ မေလ ၈ ရက်၊ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၀)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၂,၁၂၃,၀၁၅)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။

(သတင်းစဉ်)